Smallest things

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဆူနာမီ ပြီးလျှင် အကြီးဆုံးဟု ဆိုရမည့် ငလျင်ကြီး တစ်ခု ဖြစ်ခဲ့ သည်။ ထိုငလျင်က မြေပေါ်တွင်မဟုတ်၊ မိုးပေါ်တွင်ဖြစ်ခဲ့သည်မို့ အားလုံး အတွက် ထူးဆန်းနေသည်။ အထူးသဖြင့် ငလျင် ဗဟိုချက်က အမေရိကန် နိုင်ငံရေးနဲ့ သံတမန် အသိုင်းအ၀ိုင်းကို အကြီးအကျယ် အထိနာ စေခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေးလျှို့ဝှက်ချက် လေးပုံ တစ်ပုံကျော် ဖောက်ချလိုက်တဲ့ ၀ိကိလိခ်စ် (Wikileaks) အွန်လိုင်း ငလျင်ကြီးပင်။ ၀ိကိလိခ်စ် ၀က်ဘ်ဆိုက်က ၁၉၆၆ မှ ၂၀၁၀ ခုနှစ် အတွင်း ကမဿဘာအနှံ့ရှိ သံရုံးများမှ အမေရိကန် အစိုးရထံ လျှို့ဝှက်ပေးပို့တဲ့ ကေဘယ်ဖိုင် ၂၅၁၂၈၈ ကို ဖောက်ချ လိုက်သည်။ နိုင်ငံ အသီးသီးရှိ အမေရိကန် သံရုံး သံ တမန်များမှာ စပိုင်များဖြစ်နေကာ ရုပ်လုံးဘွားဘွားကြီး ပေါ်သွားသည်။ ရုရှား၊ ပါကစဿစတန်၊ အီရန်၊ အာဖဂန် နစဿစတန်၊ အီရတ်၊ ဇင်ဘာဘွေ စတဲ့ နိုင်ငံများနှင့် ခေါင်းဆောင်များ အပေါ် အမေရိကန် သံတမန် စပိုင်များရဲ့ မှတ်ချက်တွေက ကာယကံရှင် နိုင်ငံများအတွက် ဒေါသထွက် စရာများဖြစ်လာသည်။ ၀ိကိလိခ်စ်ဇာတ်လမ်းက ကမဿဘာ့ကောင်းဆုံး ဖြစ်ရပ်မှန် စပိုင်ဝတဿထုကြီး ဖြစ်လာသည်။

အမေရိကန် အနေနှင့် အရှက်လုံးလုံး ကွဲရုံမက သူရဲ့ စစ်ရေးနိုင်ငံရေး ဖံုးဖံုးဖိဖိကိစဿစမ်ား အခုတစ္ကမဿဘာလံုး ၀က်ဝက်ကွဲသိကုန်ပြီ။ အမေရိကန် ဘဏ်တွေရဲ့ လျှို့ဝှက် အချက်အလက်များ မကြာမီ ၀ိကီလိခိစ်က ဖွင့်ချတော့ မည့်တွက် စတော့ဈေးများထိုး စိုက်ကျနေပြီး ကလုသမအထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင်က သံတမန် အလုပ်နှင့် စပိုင်အလုပ် ခွဲလုပ်ကြဖို့ ဗြောင်ဖွင့် မေတဿတာရပ်ခံ ၇တော့သည်။ ဇာတ်လမ်း ကမပြီးသေး။ ၀ိကိလိခ်စ်မှ ယိုစိမ့်ထွက်လာတဲ့ဖိုင်များ တစ်ဖိုင်ချင်း တစ်စချင်း ဖွကြတာနဲ့ အမျှ နိုင်ငံ တစ်ခုချင်း အလိုက် ပြဿနာများက မီးခိုးကြွက်လျှောက်။ အမေရိကန် အစိုးရကတော့ ၀ိကိလိခ်စ်တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း ( Julian Assange) ကို အသေ သတ်ချင်နေသည်။ ၉/၁၁ အကြမ်းဖက်မီးမွှေးသူ အိုစမာဘင်လာဒင်ပြီးရင် ဒုတိယ ရန်သူတော် စာရင်းသွင်းလိုက်ပြီ။ ထုံးစံ အတိုင်း အမေရိကန် တို့က သူတို့ပိုင်ရာနိုင်ရာ နိုင်ငံ တကာရဲအဖွဲ့ (Interpol) နှင့် အက်စ်ဆန်းကို ဖမ်းဝရမ်း ထုတ်လိုက်ပြီ။ အမေရိကန်ကြီး ရှက်ရမ်းရမ်းစိတ်ဆိုးပြီ ဆိုတော့ အက်စ်ဆန်းကို ဘယ်နိုင်ငံမှ အခုလက်ခံ မထားရဲတော့။ ၀ိကိလိခ်စ်တည်ထောင်သူ ဖခင်ကြီးဟတ် ကာအက်စ်တန်း ဘယ်ရောက်နေပြီလဲ။

ဂျူလီယန် အက်စ်ဆန်း ဂျူလီယန်အက်စ်ဆန်းကို သြစတြေးလျနိုင်ငံ ပြဇာတ် လုပ်ငန်း လုပ်ကိုင်သူ မိဘနှစ်ဦးမှ မွေးဖွားခဲ့ပြီး ယခု အသက် ၃၉ နှစ်ရှိပြီ ဖြစ်သည်။ သူ့အမေက အင်မတန် ဉာဏ်ရည် မြင့်တဲ့ကလေးဟု သူ့အကြောင်းပြန် ပြောပြသည်။ သူမက ၁၉၈၇ ခုနှစ်၊ အက်စ်ဆန်း ၁၆ နှစ်သား အရွယ်တွင် Commodore 64 ကွန်ပျူတာကြီးတစ်လုံး ၀ယ်ပေးလိုက်သည်။ အက်စ်ဆန်းက သူ့ကွန်ပျူတာအတွက် အင်တာနက်ချိတ်ဖို့ modem တစ်ခု ၀ယ်ပြီးနောက် ကမဿဘာကွန်ပျူတာ ကွန်ရက်ကြီးထဲက တစ်ဆင့် သူခရီး စတင်ပါတော့သည်။ “စစ်တုရင် ကစားရ သလိုပဲ၊ အင်တာနက်ပေါ်မှာ မွှေနှောက်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ ပုစဿဆာတွေအားကြီးပဲ” ဟု အက်စ်ဆင်းခ်ျက နယူးယောခ့်ကာ မဂဿဂဇင်းကို တစ်ခါက ပြောပြဖူးသည်။ သူ့မိခင်က သူ့ သားကို မည်သည့် ဘာသာရေး သြဇာအောက်မှာ မှ မထားပေမယ့် အက်စ်ဆန်းဟာ သိပ်နူးညံ့ကြောင်း၊ ပျော်ပျော် နေတတ်ကြောင်း၊ တိရစဿဆာန်တွေနဲ့ စကားပြော နေတတ်ကြောင်း၊ မြင်သလို ထင်သလို လုပ်ချင်တဲ့ စိတ်ပြင်းပြ ကြောင်းပြောသည်။ သြစတြေးလျ မဲလ်ဘုန်းတက်္ကသိုလ် တွင် သင်္ချာနှင့် ရှုပဗေဒ အက်စ်ဆန်းက အင်မတန် မိုးပျံအောင် ပွေလီရှုပ်ထွေးနေတဲ့ ကွန်ပျူတာ စနစ်များကို ထွင်းဖောက် (hack) နိုင်သူဖြစ်သည်။ စာကြီး ပေကြီးများအား အရူးအမူး ဖတ်သည်။ အာဖရိကကို ခရီး ထွက်ရတာ အနှစ်ခြိုက်ဆုံး ဟုပြောတတ်သည်။ အသက် ၁၈ နှစ်တွင် အိမ်ထောင် ပြုခဲ့ပြီး ကလေးတစ်ယောက် ရခဲ့သည်။ သူနှင့်ဆက်ဆံရေး မပြေလည်မှုကြောင့် ဇနီးသည်က ကလေးငယ် ခေါ်ပြီး သူ့ကိုပစ်သွားခဲ့သည်။ သြစတြေးလျတွင် ဘဏ်အကောင့် ၃၁ ခု ဟတ်ခ် လုပ်ခြင်းကြောင့် တရားစွဲခံရပြီး ငွေအနည်းငယ် လျော်ကြေးပေး လွတ်မြောက်ခဲ့သည်။ နောက်ပိုင်း သူ့အာရုံ ပြောင်းလာသည်။ အစိုးရတွေရဲ့ အားနည်းချက်တွေ အမှားတွေကို အင်တာနက် ပေါ်ကနေ ဖွင့်ချမယ့် ပရော်ဖက်ရှင်နယ် ဟတ်ကာဖြစ်ဖို့ ကြိုးစားလာသည်။ သူ့ဘလော့ဂ် IQ.org မှာ လူသိများပြီး သင်္ချာ၊ ဖလော်ဆော်ဖီ ကနေ အီရန်အစိုးရ ဆင်ဆာတားမြစ်မှုအထိ သူ့အမြင် မျိုးစုံရေးထားသည်။

၂၀၀၆ ခုနှစ်တွင်တော့ နိုင်ငံရေး လှုပ်ရှား သူတစ်ပိုင်း၊ ဂျာနယ်လစ် တစ်ပိုင်းပိုးဝင်ပြီး Wiki Leaks ကို စတင် ထူထောင်သည်။ အအိပ်မေ့ အစားမေ့ဖြင့် အလုပ်လုပ်သည်။ ၀န်ထမ်း အနည်းငယ်၊ ဗော်လန်တီယာ အချို့ဖြင့် သူ့အလုပ် သဲကြီးမဲကြီး လုပ်တော့သည်။ နိုင်ငံပေါင်းစုံ ခရီးထွက်ပြီး ကွန်ပျူတာတစ်လုံး၊ ကျော်ပိုးအိတ်တစ် လုံးဖြင့် ကြုံရကျပန်း အိပ်တတ်သူ၊ ဖြစ်သလို နေတတ်သူ ဖြစ်သည်။ ၀ိကိလိခ်က အစိုးရများ၊ ကော်ပိုရေးရှင်းများ၊ ကျော်ကြားသူများရဲ့ အတွင်းသတင်း အနှံ့ပေါင်းစုံ အတိအကျအား နှိုက်ဖော်ပြခြင်းဖြစ်သည်။ အချက်အလက် အင်ဖော်မေရှင်းတွေက အတိအကျပါလား၊ ဘယ်ကရလဲ။ သူ့ကိုမေးရင် ဘယ်တော့မှ ပြန်မဖြေတာက သူ့စရိုက် သဘာဝ။ အက်စ်ဆန်းက CNN အင်တာဗျူးတွင် ပြောပြ ဖူးတာ ရှိသည်။ “လူတွေက ၀ိကိလိခ်စ်က လုံးဝမှန်ကန် ယုံကြည်ရတဲ့ သတင်း အချက်အလက် တွေပေးတယ်လို့ ယုံကြည်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သတင်းဇာတ်လမ်းတွေရဲ့ မူလ အချက်အလက် ရင်းမြစ်တွေ (Primary Source) တွေကို ချပေးနိုင်လို့၊ ပြီးမှ အဲဒီ အချက်အလက် တွေ အပေါ် သုံးသပ်ရေးကြတာ။ Primary source မပါဘဲ ဘယ်တော့မှ ရမ်းဖော် ပြတာမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ကို ယုံကြတာ ပေါ့” ဟု ပြောထားသည်။ တကယ်လည်း သူက ၀ှက်ထားတဲ့ မူလရင်းမြစ် အနှိုက်ကောင်းသူ။ ယခုနှစ် ဇူလိုင်တွင် အာဖဂန်စစ်ပွဲနဲ့ ပတ်သက်တဲ့ လျှို့ဝှက်အထောက်အထား ၉၀,၀၀၀ ကျော်အထိ သူ့ ၀က်ဘ်ဆိုက်က ထုတ်ဖြန့်ခဲ့သည်။ အမေရိကန် သမိုင်းတွင် ပထမဆုံး ထောက်လှမ်းရေး အချက်အလက် ယိုစိမ့်မှုကြီး စဖြစ်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလတွင် ၀ိကိလိခ်စ်က အီရတ်စစ် ပွဲနဲ့ပတ်သက်တဲ့ အထောက်အထားတွေ၊ ဖိုင်တွေ ထပ်ထုတ်သည်။ သံတမန် ဆိုင်ရာ အချက်အလက်ပေါင်း ၂,၅၀၀,၀၀၀ ၀က်ဘ်ဆိုက် ပေါ် တင်ပေးခဲ့ပြန်သည်။ သာမန် လူထုကတော့ ၀ိကိလိခ်စ်ကို လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ချီးကျူးထောပနာကြသည်။ သို့သော် အိမ်ဖြူတော်၊ ပင်တဂွန် အပါအ၀င်အစိုးရ အများစုက ကမဿဘာ့လုံခြုံရေး ဖျက်လို ဖျက်ဆီး လုပ်နေတဲ့ ၀က်ဘ်ဆိုက်ဟု သတ်မှတ်ပြီး အက်စ်ဆန်းကို အမျိုးမျိုး ခြိမ်းခြောက်ထားမှုများ ရှိခဲ့သည်။ အက်စ်ဆန်းကို ချစ်သူမုန်းသူများအကြား ဗျာများ လွန်ဆွဲ လျက်ရှိရာ ကမဿဘာ့နည်းပညာနှင့် သတင်းဇာတ်ခုံ တွင် “သုညနှင့် တစ်အကြားမှာရှိသော” ၎င်း၏ တန်ဖိုးကို စောင့်ကြည့် မှတ်ကျောက် တင်ရ တော့မည်သာဖြစ်သည်။



ဝလုံးကို Mouse Pointer နဲ့ ရေးတဲ့ခေတ်မှာ




Posted in Uncategorized tagged အက်ဆေး at 12:55 pm by မိုးလှိုင်ည


အဖေ. . . ကျွန်တော် ကဗျာဆရာလုပ်မယ်လို့ ကျွန်တော်ဖွင့်ဟပြောတော့ အဖေ့မျက်နှာပေါ်မှာ နားမလည်နိုင်မှုတွေနဲ့ စိုးရိမ်မှုတွေ ဖြတ်သန်းရောယှက်သွားတာကို တွေ့လိုက်ရပါတယ်။ အနုပညာသမားဆိုတဲ့ ပုံရိပ်ဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာက ဆင်းရဲခြင်းပုံရိပ်တွေ နဲ့ ထပ်တူကျတာကိုသတိပြုမိဟန်တူပါတယ်။ ဘ၀ရည်မှန်းချက်ဆိုတဲ့နေရာမှာ ကဗျာဆရာ၊ ပန်းချီဆရာလို့ထည့်ရေးရင် ဒါဟာမိုက်တွင်း နက်တာပဲလို့ အစွဲကြီးနေတဲ့ပတ်ဝန်းကျင်မှာ ကျွန်တော်ရှင်သန်နေရပါတယ်။ အနုပညာလုပ်ငန်းဟာ ဘိဇနက်တစ်ခုမဟုတ်မှန်းလောက်တော့ ကျွန်တော်လည်း သိထားပါတယ်။ မနက်မိုးလင်းတာနဲ့ ပိုက်ဆံပိုက်ဆံဆိုပြီး နေ့တွက်ကြေးလေးတွေနဲ့ ဘ၀ရဲ့အချိန်တွေကို ရွေးဝယ်နေရတာ ကိုလည်း ကျွန်တော်စိတ်ပျက်မိတယ်။ မျှော်မှန်းလစာထည့်ရေးပါဆိုတဲ့ အလုပ်ခေါ်စာတွေဆို ကျွန်တော်ဆုတ်ဖြဲပစ်မိတာများတယ်။ ဘ၀တန်ဖိုး ဆိုတာ လစာငွေကြေးအပေါ် အခြေခံထားတဲ့လူ့အဖွဲ့အစည်းကို ကျွန်တော်သိပ်နားမလည်နိုင်ဘူး ဖြစ်နေပါတယ်။ လစာဝင်ငွေကောင်းကောင်း ရဖို့ ရင်းနှီးစိုက်ထုတ်လိုက်တော့ ဘွဲ့လက်မှတ်တွေ၊ ထောက်ခံစာတွေ၊ ဒီပလိုမာတွေနဲ့ ပညာရပ်ကိုချစ်မြတ်နိုးစိတ်မပါတဲ့ အပေါ်ယံစာသင်ခန်း တွေကို ကျွန်တော်ကျောခိုင်းခဲ့ပါတယ် . . .။


ရမှတ်ကောင်းဖို့၊ အဆင့်ကောင်းဖို့၊ မှတ်ဥာဏ်ကောင်းကောင်းလိုအပ်တဲ့ စာမေးပွဲတွေမှာ သင်ခန်းစာတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ မေးခွန်း လွှာတွေ မပါပါဘူး။ ဒါဟာ တစ်ခုခုတော့လွဲနေပြီလို့ အထက်တန်းကျောင်းသားဘ၀ထဲက ကျွန်တော်တွေးမိခဲ့ဖူးတယ်။ မှတ်ဥာဏ်ကောင်းတဲ့ သူငယ်ချင်းတွေက အတန်းထဲမှာ ဆရာမမျက်နှာသာပေးခံနေရတဲ့အချိန် ပြဋ္ဌာန်းသင်ရိုးကိုက မရိုးသားဘူးလို့ ငြင်းပယ်တတ်တဲ့ ကျွန်တော်တို့ လို ပေကပ်ကပ်ကောင်းတွေက အခန်းထောင့်မှာ အံစာခေါက်နေခဲ့ပါတယ်။ အတန်းတက်စာမေးပွဲတွေမှာလည်း အောင်မှတ်ရရင် ဆက်မဖြေတတ် တဲ့ ကျွန်တော်ရဲ့ ကျောင်းသင်ပညာရေးက ငွေကုန်သံပြာ ဖြစ်နေတုန်း ဘုန်းကြီးကျောင်းထွက်ပြီး ၀ပ်ရှော့လုပ်တဲ့ ကျွန်တော့်လမ်းထိပ်က ကိုအညာသားက တိုက်နဲ့ကားနဲ့ဖြစ်သွားတယ်။ ကျွန်တော်တက္ကသိုလ်တက်တုန်းက ဖယ်ရီဂိတ်ကိုလိုက်ပို့တဲ့ ၁၄နှစ်ရွယ်ဆိုက်ကားဆရာလေးက တော့ အစ်ကိုရာ။ ကျောင်းတက်လည်း ဆိုက်ကားတစ်ဖက်နင်းရဦးမှာ ဘာလုပ်မလည်း သူများလည်းဘွဲ့ယူပြီး ကွမ်းရောင်းနေကြရတာပဲဟာ။ လုပ်နိုင်ကိုင်နိုင်တုန်း ရှာဖွေထားမှ နို့မို့အသက်ကြီးရင် ဒုက္ခရောက်မယ် . . .။


သူငယ်ချင်း အီကို ဘွဲ့ရတစ်ယောက်ကတော့ စားဝတ်နေရေးဆိုတဲ့ လူမှုဘ၀ရဲ့လောကတံတွာကို တစ်နေ့ငါးထောင်ကျပ်ဆိုတဲ့ စပယ်ယာ ကြေးလေးနဲ့ ဖြေရှင်းနေရတယ်။ လွယ်အိတ်တစ်လုံးနဲ့ စာအုပ်ကြီးကြီးတွေကိုင်ပြီး အော်တာနေးတစ်ပညာရေးအကြောင်း ကျွန်တော်သူတို့ကို စကားစလို့ကောင်းမယ့် အချိန်တော့မဟုတ်ပါဘူး။ စာရေးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်စာစကားရှိတဲ့ လူမျိုးမှာ လူဖြစ်ရတာကို ဂုဏ်ယူခဲ့မိဘူး ပါတယ်။ ကမ္ဘာပေါ်ကလူမျိုးပေါင်း ရာနဲ့ချီကာ ခုထက်ထိ ကိုယ်ပိုင်စာစကားမရှိကြသေးပါ။ ဒါပေမယ့်ပေါ့လေ . . .။


လမ်းဘေးဈေးသည်များ မရောင်းရနယ်မြေလို့ စာတန်းကြီးကြီးကပ်ထားတဲ့ လမ်းတွေပေါ်မှာ အာဏာပိုင်တွေကိုယ်တိုင်က ခွင့်ပြုချက် ပေးပြီး ရောင်းခိုင်းတဲ့ဈေးသည်တွေနဲ့ . . .။ ကွမ်းတံတွေးမထွေးရ၊ အမှိုက်မပစ်ရ။ အသက်မရှိတဲ့ စာတန်းတွေကို လူတွေဂရုတစိုက်ကြည့်မနေကြ ပါဘူး။ စည်းကမ်းဆိုတာ ဖောက်ဖျက်ဖို့အတွက် ပြုလုပ်ထားတာလို့ ဓလေ့စွဲနေတဲ့ဒေသတစ်ခု ကျွန်တော်ချစ်တဲ့လူမျိုးက စာစကားတွေမယုံကြည် ကြတော့ဘူး။ နေ့စဉ်သတင်းလွှာတွေထဲမှာ အမြဲတမ်းအမှားအယွင်းတွေပါလာတော့ သေချာတဲ့နာရေးသတင်းတွေလောက် စောင့်ဖတ်တဲ့နိုင်ငံတစ်ခု ဟာ ပညာရေးစနစ်ကကော ကောင်းမွန်နေပါ့မလား။ ၀င်ငွေကောင်းဖို့၊ ရာထူးတက်ဖို့၊ ဘွဲ့လက်မှတ်အခွံကို အထူးပြုမွမ်းမံတဲ့ ဘွဲ့လွန်ကျောင်း တွေဒေါက်တာ ဘွဲ့တစ်ခုအတွက် သီးစစ်စာတမ်း တစ်စောင်ရဲ့ ကာလပေါက်ဈေးက သိန်းဆယ်ဂဏန်းကြားမှာပါ။ အာဏာပိုင်တွေရဲ့ စီမံချက်ကိန်းဂဏန်း တွေကြားမှာတော့ ပညာတတ်တွေပိုများလာတယ်ဆိုတဲ့ ရလဒ်ပဲရှိပါတယ်။ ပညာလုပ်အားကကော ဘယ်လောက်များတန်ဖိုးတက်လာပါသလဲ။ မဖြေမနေရမေးခွန်းဆိုရင်အောင် ဘယ်တော့မှမဖြေမယ့် တာဝန်ရှိသူတွေပါ။


ကမ္ဘာကြီးက အမြဲမပြတ်ပြောင်းလဲနေပါတယ်။ ကလေးတွေကိုတော့ ခိုင်းခြင်းဖြင့်သိပ္ပံပညာရှင်တွေကို မွေးထုတ်နိုင်တယ်။ တီထွင် ဖန်တီးသူတွေကို မွေးထုတ်နိုင်တယ်ဆိုတာ နည်းပညာနဲ့အသက်မွေးဝမ်းကျောင်းရတဲ့ ဂျပန်နိုင်ငံက နားလည်လက်ခံထားပါတယ်။ အိုင်တီခေတ် ကြီးကလည်း ကမ္ဘာကြီးကို ပညာအရင်းအမြစ်တွေကို အလွယ်တကူဖြန့်ဝေပေးပါတယ်။ ချမ်းသာ ကယ်ဆယ်မှု့တွေက ပညာရေးကို လျစ်လျူရှုနေမိ တတ်ပါတယ်။ ငတ်မသေဘူးလို့ ခေတ်အဆက်ဆက်ကြွာားဝါဖူးတဲ့ တတိယကမ္ဘာက နိုင်ငံတစ်ခုဟာ ငတ်သေသူတချို့ရှိလာတဲ့အထိ ပညာရေးဆို တာကို မေ့လျော့မိနေမှာလား။ လက်တွေ့သင်ခန်းစာတွေက လက်မှတ်ထိုးရုံနဲ့ အမှတ်ရတဲ့အချိန်၊ အထက်တန်းကျောင်းတစ်ခုရဲ့ ကွန်ပျူတာအ ခန်းထဲမှာ ဖုံတက်နေတဲ့ကွန်ပျူတာ အဟောင်းသုံးလုံးရှိနေပါတယ်။


ဝင်ငွေနည်းပါးတဲ့ စာပေရေးသားသူတစ်ဦးအနေနဲ့ ကျွန်တော်သင်ကြားခဲ့တဲ့ ပညာအပေါ် ကျွန်တော်ပြန်ကျေးဇူးဆပ်ခွင့်ရခဲ့ပါတယ်။ စာရေးမှ လူပီသမယ်လို့ ကျွန်တော်တွေးခေါ်ခဲ့ဖူးပါတယ်။ ကိုယ့်ကိုယ် ဥာဏ်အလင်းပွင့်စေတဲ့စာပေကို ကိုယ်တိုင်ကပြန်မရေးသားထားရင် နောက် လူတွေက ဟောဒီခေတ်ကာလအတွက် ဘယ်စာတွေဖတ်ရမှာလည်း၊ ရှေးစာဆိုတွေအတိုင်းပါပဲ။ သိပ်မအောင်မြင်တဲ့ စာရေးသမားဘ၀ကို ကျွန် တော် စွန့်စွန့်စားစားရယူခဲ့ပါတယ်။ အဖေကတော့ စိုးရိမ်နေဆဲပါ . . .။ ရှိစေတော့ . . .။ အလုပ်အကိုင် စာရေးစာဖတ်. . .။


နောက် တစ်ခေတ်ကလေးငယ်တွေ အော်ကျက်ဖို့ ကျွန်တော်ကဗျာတစ်ပုဒ်တစ်လေ ရေးခြစ်မိခဲ့ရင် ကျေနပ်ပြီအဖေ . . .။



မိုးလှိုင်ည






ဂန္တ၀င်စာမျက်နှာထဲက စိမ်းလန်းတဲ့ကမ္ဘာ



Posted in Uncategorized tagged ၀တ္ထုတို at 2:45 pm by မိုးလှိုင်ည



အေဒီ ၃၀၀၀ လွန်ကာလ….


ဂြိုဟ်ပတ်လမ်းပေါ်က သက်ရှိတချို့ တည်ဆောက်ထားတဲ့ လွင့်မျော အဆောက်အအုံတစ်ခု မှာ ဖြစ်ပါတယ်။ တက္ကသိုလ် တစ်ခု၊ စာသင်ခန်း တစ်ခု၊ ဓါတ်ခွဲခန်း တစ်ခု၊ ရုပ်ရှင်ရုံ တစ်ခုနဲ့ ဆင်ဆင်တူတဲ့ အခန်းတစ်ခုမှာ သက်ရှိ ၃၀ခန့်က စားပွဲနဲ့ တူတဲ့ အရာတစ်ခုစီနဲ့ ကုလားထိုင် တစ်ခုစီမှာ ထိုင်ကြပြီး၊ သူတို့ရှေ့မှာ လက်သည်းပြင်ထက် ပါးလွှာတဲ့ ဖန်ပြားတစ်ခု ရှိပါတယ်…။


ခင်ဗျားတို့ အသက်ရှူ လေ့ကျင့်ခန်းပြီးရင် စိမ်းလန်းခဲ့သော ကမ္ဘာဆိုတဲ့ သင်ခန်းစာအကြောင်း သင်မယ်… ။ အဲဒါဟာ ခေတ်သစ် သိပ္ပံခေတ်ဦးမှာ နေဂလက်ဆီတစ်ခုရဲ့ Earth ဆိုတဲ့ ဂြိုဟ်တစ်ခုပေါ်က တကယ့် အဖြစ်အပျက် တစ်ခုပါ။ အဲဒီဂြိုဟ်က ဆွဲငင်အားကောင်းပြီး ဂြိုဟ်ရဲ့အပေါ်ယံအလွှာကို လေထုက ၀န်းရံထားတယ်။ ပြီးတော့ နေရောင်ခြည် သင့်တင့်မျှတစွာ ကျရောက်ပါတယ်။ ပင်လယ်နဲ့ ကုန်းမြေ၊ ရေခဲတောင်နဲ့ မီး တောင်၊ သဲကန္တာရနဲ့ ရွှံ့နွံအိုင်တို့ ပါဝင်ပါတယ်။ ခင်ဗျားတို့ အခုလိုကြားရင် ဘာသာရေးကျမ်းစာ ထဲက နတ်စည်းစိမ်လားလို့ ထင်မှတ်ကြပါလိမ့်မယ်။ ဒါဟာ အမှန်တကယ် ဖြစ်ပေါ်ခဲ့တာပါ။ ကြမ်းတမ်းခက်ထန်တဲ့ စကြာဝဠာကြီးရဲ့ ညီညွှတ် မျှတတဲ့ သမပိုင်းဇုန် တစ်ခုဟာ လောကနိဗ္ဗာန်အသွင် အဲဒီဂြိုဟ်ဝါကြီးပေါ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။


အဲဒါကြောင့် သက်ရှိ သန်းပေါင်းများစွာ ရှင်သန် နေထိုင်နိုင်ခဲ့ခြင်းပါပဲ။ အဲဒီ သက်ရှိတွေရဲ့ အားထုတ်မှုကြောင့် သမိုင်းဖြစ်ရပ်တွေ၊ အဆောက်အအုံဟောင်း၊ လေ့လာသင်ကြားစရာ ကျမ်းစာအုပ်တွေ၊ ဘာသာတရားတွေ၊ စကြ၀ဠာကြီးရဲ့ သမိုင်းအစတွေကို လေ့လာခွင့်ရခဲ့တယ်။ အဲဒီ သက်ရှိတွေထဲက လူဆိုတဲ့ မျိုးနွယ်ကြောင့် ကျုပ်တို့ လက်ရှိ အသုံးပြုနေတဲ့ စကြာဝဠာမြေပုံကို ရရှိတာပါ။ သူတို့ဟာ ပင်လယ်၊ သမုဒ္ဒရာဆိုတဲ့ ရေပြင်ကျယ်ကြီးပေါ်မှာ အဆောက်အအုံငယ်လေးတွေနဲ့ သွားလာလှုပ်ရှားရင်း အနားသတ်မျဉ်း မရှိတဲ့အရာတွေကို စံတန်ဖိုး သတ်မှတ်မျဉ်းကြောင်း တချို့ အနားသတ်ပြုလုပ်ပြီး မြေပုံ ဆွဲတတ်ခဲ့တာပါ။ အဲဒါဟာ ဒီကနေ့ ခေတ်သစ် စကြာဝဠာမြေပုံကို အထောက်အကူပြုစေပါတယ်။


အဲဒီ လူဆိုတဲ့သက်ရှိဟာ သူတို့နေထိုင်ရာ ကမ္ဘာမြေကြီးကို အကြိမ်ကြိမ် ရန်ပြု တိုက်ခိုက်ခဲ့ပါတယ်။ အဲဒါဟာ သူတို့အခေါ် ၂၀ ရာစုနဲ့ ၂၁ ရာစုဆိုတဲ့ ကာလတွေမှာပါ။ ဒါဟာ သူတို့ ရဲ့ တွေးခေါ်မြော်မြင်တတ်မှုကို ထိပ်တိုက် စိန်ခေါ်မှုတွေနဲ့ သဘာဝတရားအပေါ် မသိ နားမလည်စွာ စီးနင်း သိမ်းပိုက်ခြင်းရဲ့ ဘေးထွက် ဆိုးကျိုး တစ်ခုပါ။ သူတို့ဟာ ကြွားဝါလိုကြပြီး၊ အချင်းချင်း စည်းလုံး ညီညွတ်မှုလည်း ပျက်ပြယ်ခဲ့တယ်။ ကမ္ဘာကြီးရဲ့ အပေါ်ယံအလွှာကို မညှာမတာ ထိုးခွဲပြီး အဆိပ်သင့်နေတဲ့ မျိုးဗီဇတွေနဲ့ အလွန်အကျွံ ထွန်ယက်စိုက်ပျိုးခဲ့ကြတယ်။


မြေကြီး အတွင်းသားထဲက ရေနံ၊ ကျောက်မီးသွေး၊ ဓါတ်သတ္တု၊ ကျောက်မျက်တွေနဲ့ သက်တမ်းရင့် မြေစိုင်၊ မြေခဲတို့ကို တူးဖော် အသုံးပြုခဲ့ကြတယ်။ နှစ်သန်းပေါင်းများစွာ အချိန်ယူ ဖွဲ့တည်ထားတဲ့ အရာတွေ အားလုံး ရာစုနှစ် နှစ်စုအတွင်းမှာပဲ အလွန်အကျူး သုံးစွဲခဲ့ကြပါတယ်။ အဆိုးဝါးဆုံးက အနုမြူ၊ ပလတ်စတစ်နဲ့ ကာဗွန်တို့ကို အလွန်အကျွံ သုံးစွဲခြင်းပါ။ ဒါ့အပြင် သက်ရှိ အားလုံးရဲ့မိတ်ဆွေရင်းများဖြစ်တဲ့ သစ်ပင်တွေကို ခုတ်လှဲပြီး၊ လူဆိုတဲ့ သတ္တ၀ါဟာ သူတို့အတ္တ အတွက် လွန်ကဲစွာ သုံးစွဲခဲ့ကြတယ်။ အကျိုးရလဒ်အားဖြင့်ကတော့ အေဒီ ၂၀၀၀ အလွန်မှာ သဘာဝ တရားရဲ့ တွန်းလှန်ခြင်းကို စတင် ခံစားခဲ့ရပါတယ်။ ပင်လယ်မျက်နှာပြင် ရေအောက်မှာ ပြတ်ရွှေ့ကြောတွေဖြစ်ပြီး ထင်မှတ်မထားတဲ့ အချိန်အပိုင်းအစလေးမှာ လှိုင်းလုံးကြီးတွေ ဖြစ်လာတယ်…မုန်တိုင်း တိုက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေခဲတောင်များ အဆမတန်အရည်ပျော်ခြင်း၊ မြစ်ကြီးတွေကောပြီး သဲကန္တာရတွေ ပိုမိုဖြစ်ထွန်းလာခြင်းတွေ ဖြစ်လာတယ်။ ဒါဟာ ပထ၀ီပျက်ပြီး အာပေါ၊ ၀ါယော၊ တေဇောပါ ပြန်လည်ပြု ပြင်ရတာပါ။ အဲဒီ အချိန်ကာလအတွင်းမှာ လူသတ္တ၀ါနဲ့ တခြားသက်ရှိတွေဟာ ဆိတ်သုဉ်း လုနီးပါး သေကြေပျက်စီးခဲ့ရပြီး သဘာဝ တရားနဲ့ သင့်တင့်မျှတဖို့ နှစ်ပေါင်းများစွာ ပြန် လည်တည်ဆောက်ယူခဲ့ရပါတယ်။ အဲဒီ က ကျန်ရှိသူတွေထဲကနေ ခင်ဗျားတို့၊ ကျွန်တော်တို့ ပြန်လည် ဆင်းသက်လာခဲ့တာပါ…။


ဒီသင်ခန်းစာဟာ ရင့်ကျက်တဲ့ ဟူးမန်း ရိုဘော့တီယန်းတွေ အတွက် သီးသန့်ဖြစ်ပြီး နှလုံးသားပါတဲ့ ဟူးမန်း ကလုံးနီးယန်းတွေအတွက် မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ဘိုးဘွား မျိုးနွယ်တွေအပေါ် အလွန်အကျူး အကောင်းမြင်တတ်လို့ပါပဲ။ သင်ခန်းစာပြီးပါပြီ…။ အောက်စီဂျင်ကို သုံးစွဲဖို့ မိနစ်လက်တံ တစ်ပတ် ရပါမယ်။ ဗီတာမင်ဆေးပြားတွေ ခင်ဗျား တို့ကို ပေးဝေထားပြီးပြီ ဖြစ်တဲ့အတွက် အစာကြမ်းဖြစ်တဲ့ ပေါင်မုန့်နဲ့ဒိန်ခဲကို သုံးစွဲခွင့် မရတော့ပါဘူး။ အစာချေရတာ လေ့လာသင် ကြားရေးကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ပါမောက္ခချုပ်က ဆုံးဖြတ်ထားပါတယ်။


ကောင်းသောညနေခင်းပါ ဟူးမန်းရိုးဘော့ တီယန်းများ..။



မိုးလှိုင်ည





စာရေးတဲ့ကြွက်တစ်ကောင်နဲ့ သူ၏ အခန်း



Posted in Uncategorized tagged အက်ဆေး at 4:51 am by မိုးလှိုင်ည



မြို့ပြရဲ့ကြွက်တွင်းလို တိုက်ခန်းတွဲတစ်ခုမှာ… အထီးကျန်ကြွက်အိုကြီးတစ်ကောင်လို သူချောင်ပိတ်မိနေဆဲ….။






သူ့အလုပ်စားပွဲဆိုတာက မနက်ခင်းနေရောင်ခြည် ၁၅ံတိမ်းစောင်းကျရောက်ပြီး… သောက်လက်စစီးကရက်တစ်ဗူး နဲ့ ဘယ်တော့မှ မဖောက်ဖြစ်တဲ့ ၀ီစကီပုလင်းပြားတစ်ပြား တစ်ခါတစ်ခါတော့ ဘ၀ဟာ ၀ီစကီလိုခါးပြီး တအိအိမူးတတ်တယ်လို့ သူတွေးမိတယ်….။ လူသူအရောက်အပေါက်နည်းတဲ့ မြို့လည်မကျတကျ သူ့အခန်းထဲမှာ မှောင်ရိပ်တွေက ဟိုတစ်ကွက် ဒီတစ်ကွက် စွန်းပေနေကျပါ…။ များပြားလွန်းတဲ့စာအုပ်တွေအတွက် အလင်းရောင်ဝင်နိုင်တဲ့ ပြတင်းပေါက်တစ်ချို့ကို စာအုပ်စင်တွေက ပိတ်ဆို့ထားကြလို့ပါပဲ…။ သူ့ကို သားကောင်လိုအမဲလိုက်နေတဲ့ အယ်ဒီတာမုဆိုးတချို့သာ သူ့အခန်းကို မျက်စိလည်လမ်းမှားပြီး လာတတ်ကြတယ်…။ လုံးချင်းလေးတစ်အုပ် ဆောင်းပါးလေးတစ်ပုဒ်တစ်လေအတွက် … ငွေကြေးတတန် အချိန်တတန်ပေးပြီးတကူးတကပင်ပန်းခံလာကြသူတွေ ရောက်လာကြပြီဆို… ထမင်းသိုးတစ်ထုပ်ရလိုက်တဲ့ ကြွက်အိုကြီးလို သူ ပျော်မြူးနေတတ်ပါတယ်…။




ခင်ဗျားသိပ်နာမည်ကြီးနေပြီလို့ … သူငယ်နှပ်စားအယ်ဒီတာတချို့က သူကိုမြှောက်ပင့်ပြောတဲ့အခါ… ကျုပ်နာမည်ကြီးတာကျုပ်နဲ့ဆိုင်တဲ့ကိစ္စမှ မဟုတ်တာဗျာလို့ သူပြန်ပြောမိတယ်။


တချို့ကတော့ပြုံးပြုံးပါ… တချို့ကတော့ရှုံ့မဲ့သွားကြတယ်…။ သူဘယ်လောက်နာမည်ကြီးကြီး သူရေးတဲ့စာအုပ်က အုပ်ရေငါးရာ ဘယ်တော့မှမကုန်ဘူး…။ ဘယ်တော့မှ ဒုတိယအကြိမ် မရှိဘူး။




စာနယ်ဇင်းသမားတချို့က သူ့ကို အင်တာဗျူးချင်လို့ ဆက်သွယ်တတ်ကြပေမယ့်… သူအမြဲငြင်းတော့ သူ့ကိုလျှို့ဝှက်သူကြီးလို့ သတင်းရေးကြပြန်ရော…တလောက သတင်းထောက်ကောင်လေးတစ်ယောက် သူ့အတ္ထုပတ္တိကိုမေးသေးတယ်။ ငါသေတော့မှ တကူးတကလိုက်ရှာရင် ပျင်းစရာကောင်းတဲ့ လူ့ဘ၀ထဲမှာ မင်းအလုပ်တစ်ခုရတာပေါ့ … လို့ သူပြောခဲ့သေးတယ်… ကောင်လေးကတော့ ဘယ်လိုတွေးနေမယ်မသိဘူး တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ် အတ္တကြီးသူလို့ စွပ်စွဲမိပြီး တစ်ယောက်တည်းကြေကွဲဖူးတယ်….။




စာရေးတယ်ဆိုတာ စကားလုံးတွေ အတွေးအခေါ်တွေ ခံစားမှုတွေကို ကြွက်ကိုက်သလိုပါပဲလား ….သူဘယ်လောက်ပဲစနစ်တကျထားပါစေ မနက်ရောက်ရင် သူ့စာရေးစားပွဲမှာ… သူ့ထိုင်ခုံပေါ်မှာ၊ ကြမ်းပြင်မှာ စာအုပ်တွေ… ရေးလက်စစာမူတွေ၊ စက္ကူအလွတ်တွေ … စာရွက် အပိုင်းအစတချို့ပြန့်ကျဲနေတတ်ပါတယ်… ည ဆိုတာ သူအိပ်ခဲ့သလား မအိပ်ခဲ့ဘူးလား သိပ်မသေချာတဲ့ အချိန်ကာလတစ်ခု… တခါတရံတော့ သူကိုယ်တိုင်မထင်မှတ်ထားတဲ့ စာမူကြမ်းတစ်ချို့ရေးခြစ် ပြီးသားဖြစ်နေတတ်တယ်… အဝေးသင်တက္ကသိုလ် သင်ခန်းစာတွေကိုတောင် နပ်မှန်အောင်မတတ်နိုင်ခဲ့တဲ့ သူ့အတွက်လေးလံလွန်းတဲ့စာတစ်ချို့ကိုသူရေးခဲ့မိပုံရတယ်…။




နံရံကို အဓိပါယ်မဲ့ငေးစိုက်မိချိန်တိုင်း မိသားစုဓါတ်ပုံလေးတစ်ပုံတောင် ချိတ်ဆွဲမထားနိုင်ခဲ့တာ သတိရမိတယ်… သူ့ရဲ့မိသားစုဆိုတာကကော သူ့ကို သတိတရရှိနေပါ့မလား…။


ဘ၀မှာ စာရေးမယ်ဆိုကတည်းက သူရဲ့ အရင်းနှီးဆုံးလူသားတွေနဲ့ တဖြည်းဖြည်းချင်း ဝေးကွာသွားခဲ့ရတာ အခုတော့ ကမ္ဘာ တစ်ဖက်ဆီခြားလို့…


ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုက ဖွံ့ဖြိုးဆဲ စာပေတစ်ခုကို ရေးဖွဲ့နေရင်း သူက ပိုပြီးကျုံလှီဖျော့တော့လာနေပြီ…။




စာရေးဖို့ ထမင်းစားရုံအလုပ်တွေကို သူငယ်ဘ၀မှာ ဘယ်လောက်တောင်ကြုံဆုံခဲ့ရပြီးပြီလဲ…။


အခုတော့ ထမင်းစာဖို့ စာရေးရုံအလုပ်လောက်တောင် သူ့မှ အပန်းတကြီး…


ဝိုင်းပယ်ခံထားရတဲ့နာကျင်မှုတွေနဲ့ ….ရေပေါ်ဆီ ပညာတတ်တွေဖတ်ဖို့ ဘယ်လိုစာမျိုးတွေသူရေးတတ်ရဦးမှာလဲ….


ပလိပ်ရောဂါဖြစ်နေတဲ့ ကြွက်တစ်ကောင်က သူ့မှောင်နေတဲ့ အခန်းကျဉ်းထဲမှာ ကမ္ဘာဦး အတွေးအခေါ်တွေကိုက်လို့….။








မိုးလှိုင်ည





ကျွန်တော်စွဲလမ်းမိနေသော ဖိနပ်တစ်ရံ


Posted in Uncategorized tagged ၀တ္ထုတို at 2:57 pm by မိုးလှိုင်ည



ငွေခြောက်သောင်းတန် ဖိနပ်တစ်ရံကို သဘောကျမိတဲ့နေ့မှာ ထောင့်နှစ်ရာတန် တာယာဆိုလ်းပြားနဲ့ ဖိနပ်လေးတစ်ရံကို ကျွန်တော်သတိတရ ရှိသွားမိတယ်….။ အဲဒီတုန်းက လေးတိလေးကန် နေ့စွဲတွေကို အားမလိုအားမရ ဖြတ်သန်းနေရချိန်ပေါ့။ ဘ၀ဆိုတာ အညိုရောင်ပါလို့ စိတ်ထဲက အမာရွတ်တွေကို ပွတ်သပ်နေမိတုန်းလေ။ ကောင်းကင်က ကမ္ဘာဖျက်မိုးလားလို့ ထင်မှတ်မှားအောင်သိပ်သည်းနေပါတယ်။ တတိယလှိုင်းလုံးနဲ့ တတိယကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ခေါင်မမြဲတဲ့ ဖိနပ်တစ်ရံအတွက် စိတ်ထဲမှာ မွန်းကျပ်နေပါတယ်…။ ထင်မှတ်ထားတာထက် ပိုမိုခိုင်ခန့်နေတတ်တဲ့ ဆင်းရဲသား ဖိနပ်တစ်ရံဟာ ခရီးတို၊ ခရီးလတ်တွေအတွက်၂၀ကျပ်တန် ဘတ်စ်ကားကို ကြွားကြွားဝါ၀ါမစီးတတ်တဲ့ ကျွန်တော့် အတွက်တော့ ၀ါးစားနေသလား ထင်မှတ်ရအောင် သက်တမ်းကုန်ရက်က သိပ်နီးကပ်နေပါတယ်။ လမ်းများတဲ့ ကျွန်တော့်အတွက် နှစ်လတန်သည် သုံးလတန်သည်မှာ ဖိနပ်အသစ်တစ်ရံ ၀ယ်စီးရလေ့ ရှိပါတယ်။ တခါတရံ ငွေကြေးပြတ်လပ် နေတဲ့အချိန်မှာ ဖိနပ်ချုပ်သည် ဂတ်စ်ဖြည့်သည်ဆိုတဲ့ ၃၈လမ်းထိပ်က ကိုတင်သန်းနဲ့ စကားစမြည် ပြောနေခဲ့ရတတ်ပါတယ်။ အဲဒီနေ့ကတော့ ကျွန်တော့်ရဲ့ ရန်ကုန်နေ့စွဲတွေထဲမှာ ဖိနပ်မပါဘဲ လျှောက်သွားဖူးတဲ့ နေ့တစ်နေ့ပါပဲ။ ကြာသပတေးလား၊ သောကြာလား မသေချာပေမယ့် အဲဒီနေ့က အိပ်ကပ်ထဲမှာ ပိုက်ဆံပြတ်နေတာ သေချာပါတယ်။ မိုးကလည်း တစိမ့်စိမ့်စွေလို့ပေါ့။ မနက်ရုံးလာကတည်းက ကတ္တီပါသဲကြိုးက နဲ့တဲ့တဲ့။ ပြတ်မှာစိုးလို့ ဖိနပ်ကို ခါးကြိုးထိုးပြီး လမ်းလျှောက်ချင်ပေမယ့် မြည်းတစ်ကောင်နဲ့ သားအဖလို့ ပတ်ဝန်းကျင်အမြင်များ စောင်းမလားဆိုတဲ့ အတွေးနဲ့ ခြေတစ်လှမ်း သိစိတ်တစ်သန်းနဲ့ ထိန်းချုပ်ရွေ့လျားခဲ့ပါတယ်။ အဲဒီအချိန်က ဖိနပ်ကို နှမြောတဲ့ စိတ်ကလေးသာ ဖယ်ထုတ်လိုက်ရင် တစ်မဂ်တစ်ဖိုလ်များ ဆိုက်ရောက်လေမလားကို ထင်မှား တွေးမိသေးတယ်။ ရုံးရောက်တော့ ကျွန်တော့်ကို ဂေါ်လီတစ်လုံးလို လှိမ့်ဖို့ အလုပ်တွေက တပုံတပင် စောင့်နေတယ်။ ပထမဆုံး သွားရမယ့်ခရီးက ကမ်းနားလမ်းပေါ်က ဂျာနယ်တိုက်တစ်ခုမှာ ကြော်ငြာထည့်ဖို့၊ ဒုတိယက ဗိုလ်ချုပ်ဈေးသစ်ထဲက ဆေးဆိုင်အမှာတွေ သွား ကောက်ဖို့၊ တတိယအလုပ်က အထက်အရာရှိ မုတ်ဆိတ်ရိတ်ဓားဝယ်ဖို့နဲ့ သူ့ကိုယောက်ျားစစ်မှန်ကြောင်း အာမခံအားတိုးဆေးဝယ်ဖို့၊ ကြီးကြပ်ရေးမှူးမ အတွက် လက်ကိုင်အိတ်ဈေး မေးခဲ့ဖို့စတာတွေနဲ့ ကျွန်တော်ကို ရုံးအမိုးအောက်ကနေ အပြီးသတ် ကန်ထုတ်လိုက်ပါတယ်။ ရက်စက်လှချည်လား . . . မိုးရယ်…။ ၁၅၀၀ တန် ထီးတစ်လက်နဲ့ ခုခံကာကွယ်လို့ မရနိုင်အောင် မိုးစက်တွေက ကတ္တရာလမ်းပေါ် တဖြောင်းဖြောင်း ရိုက်ချနေပါတယ်။ မိုးတွေ သိပ်များလို့ အလုပ်နားနေလို့ မရတဲ့ဘ၀ဆိုတော့ အသက်တစ်ပိုင်းကို ရွှဲစိုစေချင်လည်း ရွှဲစိုခိုင်းလိုက်ရုံပေါ့။ တခါတလေ ကျွန်တော့်ကိုယ်ကို သံထည်သံသားလို ယုံကြည်မှုထားခဲ့ဖူးတယ်။ လတ်တလောအချိန်မှာ စိတ်ပူ နေရတာကတော့ ကိုယ့်အောက်မှာ တစ်ခုတည်းရှိတဲ့ ဖိနပ်ကိုပါပဲ။ ကိုယ့်ထက် အောက်ကျတယ်ဆိုပြီး သူ့ကို မလေးစားလုပ်လို့ မရတဲ့ အခြေအနေပါ။ အဲဒီလိုနဲ့ မနက်က ရုံးကိုလာတဲ့ သမာဓိကို ပြန်လည်စုပ်ယူပြီး သကာလ ကျွန်တော့်ခြေထောက်တစ်စုံကို ဗိုလ်ချုပ်လမ်းမပေါ် ရွေ့လျားလိုက်တယ်။ တစ်လှမ်း၊ နှစ်လှမ်း၊သုံးလှမ်း၊ ခြေလှမ်းသုံးဆယ်၊ ခြေလှမ်းငါးဆယ်၊ ခြေလှမ်း၂၀၀ အရောက်မှာ . . .။ မတော်လို့ပါ . . . ဆောရီးနော် . . .။ ဖောက် . . .။ ကမ္ဘာကြီးကို ချောက်ချောက်ချားချား နောက်လှည့်ကြည့်လိုက်တယ်။ သိမှတ်စိတ်တွေက အပူချိန် တက်လာတယ်။ လူတွေက ဆူးလေမီးပွိုင့်ထိပ်မှာ ခြေချင်းလိမ်နေတယ်။ ကျွန်တော့်မှာသာ ကမ္ဘာလည်နေတာကို ရပ်ရမလို၊ မသိလိုက် မသိဘာသာ လိုက်လည်ပြရမလိုနဲ့ မတ်မတ်ကြီး ငူနေမိတယ်။ ဒီနေရာမှာ ဖိနပ် အပြတ်တွေ စွန့်ပစ်ထားခွင့် ရှိမရှိ၊ ဒါမှမဟုတ် ဖိနပ်အပြတ်တစ်ရံကို ကိုင်ပြီး ဖိနပ်ချုပ်ဆိုင် ရောက်တဲ့အထိ ရှေ့ဆက်သင့် မသင့် ဝေခွဲရခက်နေပါတယ်။ ဒီအရပ်က လူတွေကိုကြည့်ရတာ ဖိနပ်ပြတ်ဖူးပုံ မပေါ်ဘူး။ သစ်သစ်လွင်လွင် ဖိနပ်ဆိုင်ကြီးတွေကို ကျွန်တော် မမြင်ချင်ယောင် ဆောင်နေမိတယ်။ ကျွန်တော်လည်း မသိမသာ ပလက်ဖောင်း ဒေါင့်စွန်းမှာ ဖိနပ်အပြတ်လေးကို စွန့်ပစ်ထားခဲ့တယ်။ မနက်ရောက်ရင်တော့ မြို့တော်သန့်ရှင်းရေး ၀န်ထမ်းက ကျွန် တော့်အပေါ် ကျိန်ဆိုနေမှာ အားနာနာနဲ့ မြင်ယောင်မိရင်း တစ်ကြိမ်တစ်ခါတော့ ခွင့်လွှတ်ပါဗျာလို့ စိတ်ထဲက တောင်းပန်နေမိလိုက်ပါတယ်။ မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်တော့. . .။ ဖိနပ်စီးလို့ရပါတယ်ရှင် . . . ။ ဗျာ . . .။ ဟို ကျွန်တော့်ဖိနပ်က ရေတွေအရမ်းစိုနေလို့ပါ။ တစ်ယောက်ယောက်ကို လိမ်ရတဲ့အခါ နံရံပေါ်က ကိုယ်မျက်နှာကိုယ် ပြန်မကြည့်ရဲ သလိုပဲ။ ပြောင်လက် နေတဲ့ ကြွေပြားနံရံပေါ်က ကိုယ့်မျက်နှာကိုယ် ပြန်ခိုးကြည့်မိတယ်။ ထည့်နေကြ ကြော်ငြာပဲ။ ဟုတ်ကဲ့၊ နှစ်သောင်း ငါးထောင့်သုံးရာ။ ကျွန်တော့်ကို ဘောက်ချာလေးဖြတ်ပေးပါ။ ဟူး . . . လေထဲကို စိုးရိမ်စိတ်တွေ မှုတ်ထုတ်လိုက်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်တွေ များသွားရင် ခွင့်လွှတ်ပါကမ္ဘာကြီးရေ . . .။ အစ်ကိုဒီမှာ မိုးတွင်းစီးတွေ ထောင့်ငါးရာ။ ဖိနပ်မပါမှန်းသိလို့ ပလက်ဖောင်းဈေးသည်က အတင်းခေါ်ရောင်းနေတယ်။ ကျွန်တော့်ဆီမှာက ၂၁ရာစုကိုဖြတ်သန်းဖို့ လက်ကျန် ငွေနှစ်ရာပဲ ရှိတော့တာ။ ဖိနပ်မပါတဲ့ အတူတူ မထူးဘူးဆိုပြီး အဲဒီနေ့က ဆူးလေဘုရားတက်ဖူးခဲ့တာလည်း အမှတ်ရနေတယ်။ မိုး တွေက ပိုပြီးသိပ်သည်းလာတယ် ။ ဘုရားစောင်းတန်းက ဖိနပ်အပ်ရန်ဆိုတဲ့ ကောင်တာနားထိုင်ပြီး မိုးသည်းထဲက အတွေးစတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ရယ်မောနေမိသေးတယ် . . .။ အစ်ကို ဒီဖိနပ်ယူမှာလား . . .။ ဗျာ . . .။ ဟုတ်ကဲ့ မယူသေးဘူးနော် . . . ။ အစ်ကို ဖိနပ်ကိုထိုင်ကြည့်နေတာ ဆယ်မိနစ်တောင်ရှိပြီ . . .။ ဟုတ် ဆောရီးနော် . . .။ တောင်းပန်ပါတယ် . . .။ အတွေးလွန်သွားမိလို့ပါ. . . ။ ဖိနပ်တစ်ရံက ကျွန်တော့်ကို ဆက်ရန်ရှိသော မနက်ဖြန်များဆီကို ဆွဲခေါ်ယူသွားပါတော့တယ် . . .။



မိုးလှိုင်ည





လမ်းလျှောက်ထွက်သွားတဲ့ အိပ်မက်



Posted in ရေးဖူးသမျှ tagged ၀တ္ထုတို at 3:38 pm by မိုးလှိုင်ည



တနေ့က ကျွန်တော် အိပ်မက်တစ်ခု မက်ခဲ့ဖူးတယ်။ အိပ်မက်အကြောင်း ပြန်ပြောမယ်ဆိုရင် လူအများစုက `ညက ငါ အိပ်မက်မက်တယ်´ ဒါမှမဟုတ် `မနေ့ညက ငါ အိပ်မက်တစ်ခု မက်တယ်´လို့ ပြောဆိုသုံးနှုန်းတတ်ကြပါတယ်။ ကျွန်တော့်အိပ်မက်ကတော့ နေပူပူ နေ့လည်ခင်းတစ်ခုမှာ မက်ခဲ့ပုံပေါ်ပါတယ်။ အဲဒီနေ့လည်ခင်းမှာ အမှန်တကယ် ပူ မပူ ကျွန်တော် မသိပါ။ ကျွန်တော်က အိပ်ပျော်နေပြီး နေပူမယ်ဆိုတာကို ထင်ကြေးဖြင့် ပြောဆိုခြင်းဖြစ်၍ စာဖတ်သူက ကျွန်တော့်အား ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်သည် ညအချိန် အတော်များများကို အလုပ်လုပ်ခြင်းဖြင့် ကုန်ဆုံးစေသဖြင့် မနက်စောစောပိုင်းမှသည် နေ့လည်နေ့ခင်းအထိ အိပ်တတ်၍ အိပ်မက်သည်လည်း နေ့ခင်းဘက်ကြီး ရောက်လာရခြင်း ဖြစ်မည်ထင်ပါသည်။ သာမန်အားဖြင့်တော့ ကျွန်တော်သည် အိပ်မက်များကို ယုံကြည်လေ့ရှိသူ မဟုတ်ပါ။ သို့သော်လည်း ထို့အတွက်ကြောင့် ကျွန်တော့်အား အိပ်မက်မမက်သူဟု မယူဆစေလိုပါ။ အိပ်မက်တွေကို မှတ်သား ပြန်ပြော နိမိတ်ကောက် ပုံဖော်တတ်သူတစ်ယောက် မဟုတ်ပါဟုသာ ဆိုလိုခြင်း ဖြစ်ပါသည်။


ယခု အိပ်မက်ကတော့ နည်းနည်းထူးဆန်းနေပါသည်။ နိုးနိုးခြင်း ကျွန်တော် အိပ်မက်မက်နေသည်ဟူသော အသိတရားတစ်ခုကို ဘယ်ကမှန်းမသိ လက်ခံရရှိနေခြင်း ဖြစ်ပါသည်။ ကျွန်တော် အိပ်မက်ကနိုးတော့ ညနေ သုံးနာရီထိုးနေပြီ။ ညနေခင်းနေက အီလည်လည်ကြီး ပွင့်လို့ ပူလောင်အိုက်စပ်နေသည်။ အမှန်မှာ ကျွန်တော်က အိပ်မက်မှ နိုးလာခြင်းမဟုတ်ဘဲ အိပ်ပျော်နေရာမှ နိုးလာခြင်းသာ ဖြစ်ပါသည်။ အိပ်မက်ကတော့ အိပ်ယာထဲမှာ ဆက်မက်နေပုံ ရပါသည်။ ကျွန်တော် ရေမိုးချိုးရန်အတွက် ရေချိုးခန်းထဲ ၀င်စဉ်အတွင်းမှာပဲ အိပ်မက်အကြောင်းကို ပြန်စဉ်းစားမိနေပါတယ်။ အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို တစ်ခုခု ပြောနေပုံပဲ။ `ချစ်သော ဖေဖော်ဝါရီ ကလေးနှစ်ယောက်နဲ့ ရောက်လာပြီး သူမ ဒုက္ခရောက်နေတယ်လို့´ ကျွန်တော့်ကို ပြောပြတာလား… ဒါလည်းမဟုတ်သေးပါဘူး… သိသလိုရှိနေသော သိမှုက သေချာစဉ်းစားကြည့်မှ မသိဘူး ဖြစ်နေပါတယ်။


မျက်နှာသစ် ရေမိုးချိုးပြီးတော့ အိပ်မက်ကို မေ့သလို ရှိသွားပြီ။ `ကျွန်တော် အလုပ်သွားတော့မယ်…´ အိမ်ခန်းထဲကနေ လမ်းမကို ဖွင့်ချလိုက်တော့ တချို့လူတွေက တအိအိနဲ့… တချို့လူတွေက လှုပ်လှုပ်ရွရွနဲ့… ဂနာမငြိမ်တာကို တွေ့နေရတယ်။ သူတို့လည်း သူတို့အိပ်မက်တွေနဲ့ ဒွိဟဖြစ်နေပုံရပါတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်း မရေမရာလမ်းတွေ ဆက်လျှောက်နေလိုက်ပါတယ်။ ညနေခင်းကတော့ အဟောင်းတန်းထဲမှာတောင် ရီဂျတ်ထိသွားတဲ့ အင်္ကျီတစ်ထည်လို စိတ်ပျက်လက်ပျက် ဆုတ်ခွာနေတာကို တွေ့လိုက်ရတယ်။


ကျွန်တော်လည်း ညနေခင်းကို ဂရုတစိုက် ကြည့်မနေဘဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်တယ်။ နုစဉ်အခါတုန်းကတော့ အခုလို ညနေခင်းမျိုးကို `အသည်းကွဲညနေ ငါးနာရီခွဲ´ လို့ သေသေချာချာ ချိန်တွယ်ခဲ့ဖူးပါတယ်။ အခုတော့ ကိုယ့်အလုပ်လောက် ညနေခင်းက ငေးမောချင်စရာ မကောင်းတော့ပါဘူး။ အမှန်တကယ် ကျွန်တော့်အလုပ်ဆိုတာက လမ်းများများလျှောက်ပြီး လူတချို့နဲ့ စကားပြောကြည့်တာပါပဲ။ အဲဒီအလုပ်တွေကို ညဉ့်နက်တဲ့အထိ ကျွန်တော်လုပ်ပြီးရင် မိုးသောက်ချိန်နီးပါးလောက်မှာ စကားလုံးများအဖြစ် စာရွက်အလွတ်တွေပေါ် ရေးရေးချတာပါ။ ညနေခင်းလူတချို့က အိပ်တန်းပြန်ပြီးတဲ့နောက် ညထဲကို လူတချို့ ထိုးစိုက်ဆင်းလာသလိုပါပဲ…။ အလင်းရောင်တွေ ကွက်တိကွက်ကြား စွန်းထင်းနေတတ်တဲ့မြို့မှာ ကျွန်တော် တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်သွားရင်း အိပ်မက်အကြောင်းကို ဒုတိယအကြိမ် ပြန်စဉ်းစားမိတာပါ။ အိပ်မက်ထဲမှာ အမေရိကန် အိတ်စ်ပရက်စ်ကုဝန်ထမ်းက ကျွန်တော့်ကို တောင်ကြီးက နှင်းဆီပွင့်တွေ လာပို့ပေးတာပါ… ပြီးတော့ သူက ပြောသေးတယ် `ပန်းတွေ နွမ်းကုန်မှာစိုးတဲ့အတွက် သူ့ဆောင်းဥတုထဲ ထည့်သယ်လာခဲ့တာ´ တဲ့… ကျွန်တော်က သူ့ကို ကော်ဖီတစ်ခွက် ဖျော်တိုက်ပါတယ်။ ကော်ဖီက နှစ်ချို့နေတော့ သူ တော်တော် သည်းခံပြီး သောက်သွားရရှာတယ်…´အေးဗျာ… ဘရာဇီးက ကော်ဖီဆိုတော့ ရန်ကုန်ရောက်တော့ တော်တော်နောက်ကျနေပြီ´ လို့ ကျွန်တော် တောင်းပန်စကား ပြောလိုက်မိသလား မသိဘူး။ အိပ်မက်ထဲမှာမို့ သိပ်မသေချာဘူး။


အဲဒီအချိန်မှာပဲ ရဲကင်းက ရဲက ကျွန်တော့်ကို လှမ်းတားတယ်… `ဟေ့လူ… ဘယ်သွားမလို့လဲ…´ `ကျွန်တော် လမ်းလျှောက်နေတာပါ´ `ဒီအချိန် လမ်းလျှောက်တဲ့အချိန် မဟုတ်ဘူး´ သူက ကျွန်တော့်ကို သင်္ကာမကင်း ဖြစ်နေပါတယ်။ ကျွန်တော့်ကို သူခိုးတစ်ယောက်နဲ့ ဆင်ဆင်တူလားလို့ ခြေဆုံးခေါင်းဆုံး ကြည့်နေပါတယ်။ အမှန်တော့လည်း ကျွန်တော်ဟာ သူခိုးတစ်ယောက်ပါ။ လူတွေရဲ့ ခံစားချက်တွေကို ခိုးယူပြီး စာရေးစားသောက်နေတဲ့ သူခိုးတစ်ယောက်ပါပဲ။ ဒါပေမယ့် ကျွန်တော် အဲဒီလို ရှင်းပြလို့မရတဲ့ အခြေအနေမှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော်က မူးယစ်ရီဝေနေဟန်ဆောင်လိုက်ပြီး တစ်ဖက်လမ်းထဲက ဗြူတီဆလွန်းလို့ အမည်ခံထားတဲ့၊ ကောင်မလေးတွေက ဧည့်သည်ကို နှိပ်ပေးပြီး သဘောကောင်းတဲ့ ဧည့်သည်တွေဆို ကောင်မလေးတွေကို ပြန်နှိပ်ပေးလို့ရတဲ့ အနှိပ်ခန်းတစ်ခုကို သွားမလို့ လို့ ပြောလိုက်တယ်။ ရဲသားလည်း အဲဒီတော့မှ စိတ်ချသွားတဲ့ဟန်နဲ့ `ကောင်းပြီ…သွားတော့´လို့ ပြောပါတယ်။ ကျွန်တော်လည်း ခေတ်ဟောင်းဝတ္ထုတွေထဲကလို ခပ်သုတ်သုတ် လျှောက်မသွားပါဘူး။ အေးအေးဆေးဆေး လေချွန်ပြီး ထွက်သွားလိုက်တယ်။ ဒီမြို့ထဲမှာ ဟန်ပျက်လို့ မရပါဘူး။ အကုန်လုံးက ဟန်မပျက် နေနေကြတာမဟုတ်လား…။


လမ်းမတွေကို လှမ်းမျှော်ကြည့်လိုက်တော့ တိတ်တဆိတ်သေနေတဲ့ အနက်ရောင် မြွေကြီးတွေလိုပါပဲ… အလင်းရောင်စူးစူးရှိတဲ့ နေရာတွေကို ပိုက်ဆံအထပ်လိုက်နဲ့ ရမ္မက်ထူထူ လူတချို့ ပိုးဖလံတွေလို တိုးဝှေ့သွားနေပါတယ်။ တချို့နေရာတွေက မယ်လိုဒီမမှန်တဲ့ အသံတွေနဲ့ ရစ်သမ်ပျက်နေတဲ့ ဂီတတွေ ဖိတ်လျှံကျနေပါတယ်။ အကာကွယ်ရောင်းတဲ့ ကောင်လေးတွေ တက္ကစီတစ်စီးဆိုက်တိုင်း ပြေးကပ်သွားတဲ့ မြင်ကွင်းမျိုးကို မနက်ဆိုရင် ဈေး၊ ညဆိုရင် နိုက်ကလပ်… မျက်နှာနှစ်ဖက်နဲ့ အဆောက်အဦးတွေ ကြားထဲမှာ အတိုင်းသား တွေ့နေရပါတယ်။ ကောင်လေးတစ်ယောက်က ငွေအကြွေတွေကို ပလက်ဖောင်းပေါ်မှာ ထိုင်ရေနေပါတယ်။ ဓါတ်မီးတိုင်အောက်မှာတော့ ဆိုက်ကားတစ်စီး အိပ်ပျော်နေပါတယ်။ ဆိုက်ကားရော ဆိုက်ကားဆရာပါ ခြင်မကိုက်သလို၊ အိပ်ယာမလိုသလို လမ်းဓါတ်မီးတိုင်အောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပါ။ လူရိပ်မြင်ရင် ထိုးထိုးရပ်တတ်တဲ့ ဈေးကြိုကားတွေ ထွက်လာတော့မှ ကျွန်တော် အိပ်ပြန်ဖို့ သတိရတာပါ။ ဒါဆိုရင် အလုပ်ချိန်ပြီးပြီလို့ ကျွန်တော်ယူဆလို့ ရပါတယ်။ ကျွန်တော့်အလုပ်က ရုံးဆင်းလက်မှတ် ထိုးစရာမလိုသလို အချိန်မှတ်ကဒ်ပြားကိုလည်း တာလီစက်ထဲ ထိုးထည့်ပေးစရာ မလိုပါဘူး။ ဒါပေမယ့် မြင်သမျှ ထိတွေ့သမျှ အရာအားလုံးကို ဘာသာစကားထဲ ထိုးသွင်းတတ်ဖို့ လိုပါတယ်။ ဒါကို ကျွန်တော်က စာရေးတာလို့ ယုံကြည်သတ်မှတ်ထားတာပါ။ စာရေးတာ အလုပ်မဟုတ်ဘူးလို့ ကျွန်တော့်ကို သြဇာလွှမ်းမိုးသူတစ်ဦးက ပြောဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က လက်မခံခဲ့ပါဘူး။ တတ်နိုင်သမျှ တစ်ဦးတည်း လုပ်နိုင်တဲ့ ဒီအလုပ်ကို ကျွန်တော် ကြိတ်မှိတ်ချစ်နေမိတယ်။ တစ်ခါတစ်လေတော့ အထီးကျန်ဆန်ခြင်း၊ ၀ိုင်းပယ်ခံရခြင်း၊ မွန်းကြပ်မှုများနဲ့ ထိပ်တိုက်ရင်ဆိုင်တိုးရလေ့ ရှိပါတယ်။


စာရေးဖို့ စားပွဲမှာ ထိုင်လိုက်ချိန်ကျတော့မှ အိပ်မက်အကြောင်း တတိယအကြိမ်မြောက် ပြန်စဉ်းစားမိတာပါ။ အိပ်မက်ထဲမှာ နေရောင်ခြည်ဆိုတဲ့ ကောင်မလေးက ကျွန်တော့်ကို ဝေဖန်နေတာပါ။ `ရှင်က လူတွေအားလုံးထဲမှာ အကောက်ကျစ်ဆုံး ဖြစ်ပုံရတယ်… ရှင့်မျက်လုံးတွေက နွေဦးထဲမှာ ရင့်မှည့်နေတဲ့ သစ်သီးတွေလို နွေးထွေးချိုမြိန်နေပြီး ရှင့်အပြုအမူက အေးစက်အက်ကွဲနေတယ်´ `မဟုတ်သေးပါဘူး…´ ကျွန်တော် တစ်ခုခု ပြန်ရှင်းပြမှဖြစ်မယ်…။ ဒီမနက်တော့ စာမရေးတော့ဘဲ စောစောအိပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်တော် အိပ်ယာခင်းပြီး အိပ်မက်ကို စောင့်နေလိုက်တယ်…။ အတော်အကြာမှာ ကျွန်တော် သတိရမိတယ်။ ကျွန်တော်နိုးတဲ့အချိန်တုန်းက အိပ်ယာကို ခေါက်သိမ်းခဲ့ပြီး အိပ်မက်ကိုမှ ခေါက်မသိမ်းခဲ့တာ…။


အိပ်မက်က အိပ်မက်ထဲမှာ လမ်းလျှောက်ထွက်သွားပုံရတယ်။


အဲဒီနေ့က ကျွန်တော် အိပ်မက် ထပ်မမက်တော့ပါ။



မိုးလှိုင်ည




ဖျားနာနေတဲ့ မုတ်သုန်မြို့



Posted in ရေးဖူးသမျှ at 2:19 pm by မိုးလှိုင်ည


ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့ ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ ၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့ ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့ လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။


တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။ တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့ မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ဘကုန်း၊ စလုံး၊ ဂငယ်ကုန်းအထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင် ၀လုံးလို့ လှောင်ပြောင် ခေါ်နေကြပြီ။ မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်မီး ရှိရမယ်၊ သန့်ရှင်းရေးစနစ် ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊ သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း ဖြစ်ရမယ် အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင် သူဟာ မြို့တစ်မြို့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် လူဦးရေ ခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ ရှင်သန် နေထိုင်တုန်းပါ။ သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့ ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို တစ်ယောက် ကိုယ်ငွေ့ တစ်ယောက် ပြန်ချုံလို့ ရတဲ့ မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။ လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ် ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။ ရာသီဥတု သာတောင့်သာယာ ဆိုပေမယ့် ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။


အရင်ကတော့ နယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေ ဆိုပြီး ပုံပြင်တွေ အမျိုးမျိုး ကြားရတတ်တဲ့မြို့။ အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး ပြန်လာတဲ့သူတွေကို ဘာလက်ဆောင်ပါသလဲလို့ စီး စီးမေးတတ်တဲ့မြို့လေ။ အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး အထက်တန်းက တက်စီးလို့ရတဲ့မြို့။ ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။ ရန်သူတွေ ကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။ ပြည်တွင်းစစ်ကာလမှာ ၀ါရှင်တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင် ထွက်ကာ ကွယ်ရသလို ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊ တက္ကသိုလ် ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း ခုခံခဲ့ရတဲ့မြို့။ အဲဒီအချိန်ကလည်း တချို့တွေက ရန်ကုန်ကို ဟားတိုက်ခဲ့တာပဲ။ ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့ အတွေးမျိုးတော့ ရန်ကုန်က မတွေးခဲ့ရိုးအမှန်ပါ။ ပုံသေကားချပ်နေ့တွေကို တင်ဆက်ပြီးရင် အပြောင်းအလဲကို ညနေစာငတ်သူ တစ်ယောက်လို သူ ဆာလောင်တတ်ခဲ့တယ်။ မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့။ အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။ သူမှ မစောင့်ရှောက်ရင် အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့။ ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။ ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့ ကလေးငယ်တွေ သိပ်များနေတဲ့မြို့။ အဝေးရောက် လင်သားတွေ အလုပ်အကိုင် အဆင်ပြေပါစေ ဆုတောင်းနေရတဲ့မြို့။ လယ်ကန်သင်းတွေကို ဖြို၊ မြေကွက်အသစ်တွေရိုက်လို့ သူ့မြို့ခံတွေကို နေရာထိုင်ခင်း လုပ်လုပ်ပေးရတယ်။ အချက်အချာ မြို့လယ်ခေါင် တိုင်းတပါးသား လက်အောက်တွေ ကျရောက်နေလို့။ သူက တစ်ခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ် `နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင် နေတတ်ခဲ့´။ ဗုံးဆံ၊ အမြောက်ဆံကို ကြောက်လို့ ၀ါးရင်းတုတ်နဲ့ရိုက်လည်း အံကြိတ်ခံ၊ ရိုင်ဖယ်နဲ့ ချိန်ပစ်လဲ အသံသိပ်မထွက်ရဲခဲ့ဘူး။


အခုတော့ ခေတ်နဲ့အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။ လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပွနေတာမို့ သူ့အတွက် သိပ်အရေးမကြီး။ ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင် ပြဿနာရှာပေးတတ်ပြီ။ ကူးစက်ရောဂါတွေကိုလည်း ဖောဖောသီသီ လက်ခံသလို အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတတ်တော့ဘူး။ မနက်ဆိုရင် ပါးစပ်ခြောက်သန်းကို ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့် ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့ အသောက် မပျက်တဲ့မြို့။ လူ့ဘ၀စည်းစိမ်မှာ အဆိုး လောကဓံ လေးပါးကို ထိန်ချန်လို့ မရဘူး။ အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့ တဘောင်လိုလို ငကြောင်လိုလိုနဲ့ မူး မူးပြီး ထပြောတတ်တဲ့မြို့။


မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီ သွားမယ်လို့ အရူးတွေ ဆော်သြပြီး နောက်ဖေးပေါက်က ပြန်တက်၊ သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ အရူးတွေ ရှိနေတတ်တဲ့မြို့။ မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ မိန်းမပျက်နဲ့ အကျဉ်းထောင် အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။ အမှန်အကန်ဆိုရင်တော့ နံရံလေးဘက် ပိတ်ထားတယ်။ အတုတွေ သိပ်များတော့ ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါလို့ သတင်းထောက်တွေကို စိတ်ရူးပေါက်ပြီး ရှင်းရှင်းပြ တတ်သေးတယ်။ အတုကလည်း ဘယ်လောက်တောင်များသလဲဆိုတော့ ခင်ဗျား မြင်မြင်သမျှ အကုန်အတုကြီးပဲ။ ဆေးဝါးအတု၊ ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊ ကွန်ပျူတာ ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊ တရားရုံးအတု၊ စီရင်ချက်အတု၊ အမိန့်ကြော်ငြာစာအတု၊ အမွေစား အမွေခံအတု၊ လက်ထပ်စာချုပ် အတုကနေ ဒီမိုကရေစီအတု အထိ။ အတုဆိုရင် အကုန်ရှိနေတတ်တယ်။


ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊ ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊ တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊ အသက်ရှူကျပ်ရင် ကင်းမြီးကောက် ထောင်ပြီး နေထိုင်ပါ၊ မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊ ဒါဟာ အခွင့်အရေးတစ်ရပ်။ အဲဒီလို မြင်တတ်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက် အလုပ်လက်မဲ့ပေမယ့်လည်း တစ်ယောက် လက်ဖက်ရည် တစ်ယောက် မျှသောက်တတ်တဲ့ ရန်ကုန်။


လမ်းကြုံရင် လာလည်ပါ။ ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။





မိုးလှိုင်ည





ငတုံး



Posted in ရေးဖူးသမျှ at 2:42 am by မိုးလှိုင်ည



ကျွန်တော့်ကို ငတုံးဟု ဘယ်သူ စတင်ခေါ်ဝေါ် သုံးစွဲသည်ကို မမှတ်မိပါ။ မူလတန်းတုန်းက ဆရာမလား အမေလား သိပ်မသေချာပါ။ နှစ်ယောက်စလုံးလည်း ဖြစ်နေနိုင်ပါသည်။ အမေကလည်း ကျွန်တော့်ကို ငတုံးဟုခေါ်ပြီး ခေါင်းခေါက်လေ့ ရှိပါသည် ထိုနည်းလည်းကောင်း ကျွန်တော့် အတန်းပိုင် ဆရာမကလည်း ကျွန်တော့် နာမည်ကို ခေါ်ပြီး အဲဒီကောင်လေးက တုံးတုံးအအဟု တုံးတိတိနဲ့ ပြောတတ်ပါသည်။ အမေက သူ့သူငယ်ချင်းတွေနဲ့ တွေ့တိုင်းလည်း အငယ်ကောင်က တုံးတယ်လို့ ပြောတတ်ပါတယ်။ အငယ်ကောင်ဟု သုံးစွဲခြင်းသည် ကျွန်တော့် အထက်တွင် အစ်မကြီးတစ်ယောက်ရှိနေခြင်း ကြောင့် ဖြစ်ပါသည်။ ထိုအစ်မကြီးကလည်း ကျွန်တော့်အပေါ် အမြဲ လူလည်ကျ နေပါသည်။ ငယ်စဉ်ကလေး ဘ၀ကတည်းက ကစားစရာ စားစရာတွေကို ကျွန်တော်တို့ ကိုယ့်ဝေစုနဲ့ ကိုယ် မိဘများက ခွဲခြမ်းပေးသော်လည်း အစ်မကြီး လူလည်ကျ၍ ကျွန်တော့် ဝေစုတွေသည် နောက်ဆုံးသူတွင်သာ နိဂုံးချုပ်ရ စမြဲဖြစ်ပါသည်။ ထိုအခြင်းအရာကို အမေသိတိုင်း ကျွန်တော်ကို ငတုံးဟု ခေါ်ပါသည်။


မူလတန်း ကျောင်းသား ဘ၀မှာလည်း အမြဲတမ်း ခဲတံ၊ ခဲဖျက်၊ ပေတံ၊ စာအုပ်၊ ယုတ်စွအဆုံး လွယ်အိတ် အထိပါ ပျောက်ဖူးပါသည်။ ကျောင်းနေဖက် သူငယ်ချင်းများ ကမြင်း၍ ကျွန်တော်က ကြားထဲက၀င်ရောက် အပြစ်ပေးခံရပေါင်းလည်း မရေတွက်နိုင်ပါ။ နောက်ဆုံးတော့ ဆရာမရဲ့ ငတုံးဆိုတဲ့ မှတ်ချက်ရမှ ကျွန်တော် လွတ်ငြိမ်းချမ်းသာခွင့် ရပါတော့သည်။ ကလေးဘ၀အရွယ် တုံးအခြင်းက ရယ်ရွှင်ဖွယ်ကောင်းသော်လည်း လူငယ်အရွယ် တုံးအခြင်းကတော့ ရင်နင့်စရာတွေပါ ပါလာတတ်ပသည်။ အမေ စိတ်ပူရသည့်အထဲတွင် ကျွန်တော် ငတုံးညဖြစ်နေခြင်းက ထိပ်ဆုံးက ပါဝင်နေပါသည်။ ငါ့သားက ကိုယ့် အန္တရာယ် ကိုယ်မရှောင်တတ်ဘူးဟု အမေ အမြဲပြောတတ်ပါသည်။ ကျွန်တော်ကတော့ အန္တရာယ်တွေကို လွတ်ရာ ကျွတ်ရာ ရှောင်မနေချင်ပါ တည့်တည့် တိုးပြီးသွားရင် ငါ့အလှည့်ပြီးပြီလို့ တွေးမိလို့ ကျွန်တော်က တပင်တပန်းခံ ရှောင်ပြေးမနေတတ်ပါ။ ကျွန်တော် အဲဒီလောက် တုံးအပါသည်။


ကျွန်တော့်ဘ၀မှာ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများ ၀ိုင်းဝန်း ချောက်ချတာကို ခဏခဏခံရဖူးပါတယ်။ ကျွန်တော် သူတို့ကို စိတ်မဆိုးမိပါ သူတို့ ချောက်ချ၍ ကျွန်တော်ပညာတွေ ရတယ်ဟု သာသဘောထားပါသည် သူငယ်ချင်း အပေါင်းအသင်းများသည် ကျွန်တော်ဆီက ပိုက်ဆံချေး၍ ဘယ်တော့မှလည်း ပြန်မပေးတတ်ပါ။ တချို့ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို နင်းတက်သွားပြီး ကျေးဇူးတင်ကြောင်းတောင် ပြန်မပြောတတ်ပါ။ သူတို့က အမြဲတမ်း ကျွန်တော့် နောက်ကွယ်တွင် ငတုံးဟု ပြန်ပြောနေကြောင်း ကျွန်တော်ပြန်ကြားရတတ်ပါသည်။ သူတို့အချင်းချင်း မညီညွတ်လျှင် ကျွန်တော့်ဆီ ရင်လာဖွင့်တတ်ကြသည်။ ကျွန်တော် မည်သို့မျှ မခံစားရပါ ။ ငတုံးတစ်ကောင်သည် လောကဓံ အဖြစ်အပျက်တွေကို မည်သို့သော ခံစားမှုမျှမရှိပါ။ ကျွန်တော် ငတုံးတစ်ကောင် ဖြစ်ရခြင်းမှာ အတ္တ၊ မာန၊ ပယောဂတွေနှင့် ချွန်မြ မနေချင်ခြင်းကြောင့် ဖြစ်ပါသည်။


ကဗျာဆရာ တာရာမင်းဝေ မဆုံးပါးခင်က ရေးခဲ့ဖူးသည့် ကျွန်တော်ကြိုက်သော စာသား တစ်ခုရှိပါသည်။ “မိမိကိုယ်ကို အစွန်းမထွက်အောင် နေတတ်ပါပြီ သူတစ်ပါး အစွန်းနဲ့တော့ လွတ်အောင် မရှောင်တတ်သေး” လူဘ၀ထဲက ချွန်မြနေတဲ့ အစွန်းတွေကြားမှာ ကျွန်တော်တို့တွေ အမျိုးမျိုး ထိုးဆွခံနေရတတ်ပါသည်။ ကျွန်တော့်အစွန်းက ခပ်တုံးတုံး ဖြစ်နေသည်မို့ တခြားလူတွေ ထိမိခိုက်မိရှိနေသည့် တိုင်အောင် သက်သာရာရမည်ဟု ယူဆမိပါသည်။


ကျွန်တော် ငတုံးတွင် ချစ်သူ ခပ်လည်လည် တစ်ယောက်ရှိပါသည်။ သူမသည် မနက်အိပ်ထ မျက်နှာသစ်သည့် အချိန်ကို မေးလျှင်တောင် ကျွန်တော့်ကို လိမ်ညာ ပြောတတ်ပါသည်။ သူမသည် အစ်ကိုတွေ မောင်တွေ အများကြီး ရှိကြောင်း ပြောတတ်ပါသည်။ အမှန်တကယ်တော့ အကုန်လုံး သူ့ရည်းစားချည်း ဖြစ်သည်။ ကျွန်တော်ကလည်း သူမပြောသမျှ အကုန်ယုံသည် ဟုပြောတတ်ပါသည်။ ဒါဟာလည်း ငတုံးတစ်ကောင်၏ ၀တ္တရားအရ သံသယ မထားသင့်ကြောင်း ကျွန်တော် ကောင်းကောင်း သဘောပေါက်၍ ဖြစ်ပါသည်။ နောက်ဆုံးတော့ သူမသည် ကျွန်တော့်ကို ပျင်းရိလာသောကြောင့် နိုင်ငံခြားထွက်သွားသည် နောက်ထပ် မဆက်သွယ်ပါနဲ့ဟု စာတိုလေးတစ်စောင်လေး ရေးပေးခဲ့ပြီး ယောက်ျားယူသွားခဲ့ပါသည်။ ကျွန်တော်လည်း အသည်းကွဲပြီး အရက်သောက် မနေပါ။ ငတုံး တစ်ကောင်သည် အသည်း မကွဲတတ်ကြောင်း သူမသိရှိ မသွားသည့်အတွက် ကျွန်တော် အားနာ၍ နေပါသည်။ နောက်ထပ်ချစ်သူ တစ်ယောက်ထား ဖြစ်ခဲ့လျှင် ငတုံးသည် အသည်း မကွဲတတ်ကြောင်း ကြိုတင်ပြောပြဖို့ လိုအပ်လေမည်လားဟု ကျွန်တော်တွေးတောမိပါသည်။


နောက်ထပ် ကျွန်တော်ကို ငတုံးဟု တိတိပပ ခေါ်ဆိုခဲ့သူမှာ ကျွန်တော့် အဖေဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ကျွန်တော့်ကို အလေးအနက် ဂရုစိုက်တတ်သူ တစ်ဦးတွင် ကျွန်တော့် အဖေပါပါသည်။ အဖေသည် ကျွန်တော် အထက်တန်းကျောင်းသားအထိ ကျွန်တော့်ကို ကျောင်းကြို ကျောင်းပို့ အမြဲလုပ်ပါသည်။ ကျွန်တော့် သူငယ်ချင်းများနှင့်ပါ သူငယ်ချင်းပေါင်း လိုက်ပေါင်း၍ ဂရုစိုက်တတ်သူပါ။ ပြီးတော့ ကျွန်တော့်ကျောင်းစာ ပြင်ပ စာပေဖတ်ရှုမှု အပေါ်မှာလည်း အဖေ့ လမ်းညွှန်မှုနှင့် ကျေးဇူးတရားတွေ တင်ရှိပါသည်။ နောက်တော့ အဖေ ကျွန်တော့်ကို ငတုံးလို့ ခေါ်ရတဲ့ဇာတ်လမ်းစ ပါသည်။ ၂၀၀၃ ခုနှစ်က ကျွန်တော် စီးပွားရေး ဂျာနယ်တစ်စောင်မှာ အမေရိကန် အကြွေးဝယ်စနစ်ကြောင့် စီးပွားပျက်ကပ် ဆိုက်နိုင်ကြောင်း ဆောင်းပါး တစ်စောင်ရေးမိပါသည်။ ကျွန်တော် ၀မ်းသာအားရ အဖေ့ကို ပြတော့ အဖေသေချာ စူးစိုက်ဖတ်ပြီး ကျွန်တော့်ကို အပြင်းအထန် ဝေဖန်ပါတော့သည်။ အဖေက ကျွန်တော့်ကို ငတုံးဟု ခေါ်ပါတော့သည်။ ကျွန်တော်ဘဏ်စနစ် မလေ့လာ မသုံးသပ်တတ်ပုံ၊ ငွေကြေးယန္တယား အကြောင်း သဘောမပေါက်ပုံတို့ကို ဝေဖန်ပါသည်။ အဖေ့ ဝေဖန်ချက်တို့သည် ယုတ္တိကျပါသည် လက်တွေ့ဆန်ပါသည်။ ကျွန်တော့် ရေးသားချက်တို့သည် အနုမာန မှန်းဆချက်တို့သာ ဖြစ်သွားပါသည်။ အဲဒီအချိန်တုန်းက အဖေမှန်ပြီး နောက်ငါးနှစ်ကြာတော့ ကျွန်တော် မှန်ပါသည်။ အနုမာန မှန်းဆချက်တို့သည်လည်း တချိန်တွင် လာရောက်မှန်ကန်တတ်ကြောင်း သိလိုက်ရပါတော့သည်။ ကျွန်တော် ထိုဆောင်းပါးရေးစဉ်က ဂျာနယ်လစ်ပေါက်စဖြစ်ပြီး အဖေက

ဘဏ်အရာရှိ တစ်ဦးဖြစ်သည် အဖေကော ကျွန်တော်ပါ ငတုံးချင်း သရေကျသွားပါသည်။


နောက်ဆုံး ကျွန်တော့်ကို ငတုံးဟု ခေါ်ဆိုသူတစ်ဦးလည်း ရှိပါသေးသည်။ ထိုသူသည် ကျွန်တော့်လုပ်ငန်းခွင်မှ အထက်အရာရှိတစ်ဦးဖြစ်ပြီး။ ကျွန်တော်နှင့် အနုပညာရေးရာ နိုင်ငံရေး၊ စီးပွားရေး၊ ကမ္ဘာရေးရာတို့တွင် အာရုံတူသူ ဆွေးနွေးငြင်းခုံဖက် တစ်ဦးဖြစ်ပါသည်။ ပွင့်လင်း လွတ်လပ်ပြီး ချစ်ခင်လေးစားမှုတစ်ခု အပြန်အလှန် တည်ဆောက်ထားနိုင်သူ တစ်ယောက် ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲ အကြို ကာလတွေမှာတော့ သူနဲ့ ကျွန်တော် ငြင်းခုံပွဲလေး စတင်ဖြစ်ပေါ်လာပါတော့တယ်။ အမေရိကားမှာ မဲဆွယ်ပွဲ အရှိန်မြင့်လာလေ ကျွန်တော်တို့ ငြင်းခုံပွဲက သွေးတက်လေ ဖြစ်လာပါသည်။ သူက ဟီလာရီကလင်တန်ကို စီးပွားရေး နိုင်ငံရေး နောက်ခံ မြင်ကွင်းအရ နှစ်ခြိုက်သဘောကျသူဖြစ်ပြီး။ အိုဘာမားသာ သမ္မတဖြစ်ပါက သမ္မာကျမ်းစာထဲက အတိုင်း ကမ္ဘာကြိးပျက်စီးသွားမည်ဟု ထင်မြင် ယူဆနေသူ တစ်ဦးဖြစ်ပါသည်..။ ကျွန်တော်က ကမ္ဘာကြီးထဲက ဖြူစင်ရိုးသားတဲ့ လူငယ်တွေအတိုင်း အိုဘားမားကိုမှ ယုံကြည်လက်ခံနိုင်သူ။ သူက ကျွန်တော်ကို ငတုံးလေး အမေရိကားက လူမည်း တစ်ယောက်ကို သမ္မတတင် ရလောက်အောင် ဘယ်တော့မှ အသိဥာဏ်မမဲ့ဘူးဟု ခနဲ့တတ်ပါသည်။ အိုဘားမား နဲ့ ဟီလာရီ သုံးနာရီကြာ ထိပ်တိုက် စကားပြောပြီးတဲ့ နောက်မှာတော့ ကျွန်တော့်အရာရှိက ကျွန်တော့်ကို စကားမစတော့ပါ။ သူနဲ့ ကျွန်တော် ဆက်ဆံရေးလည်း တုံးတိတိနဲ့ ပြတ်တောက် သွားပါတယ်။ ကျွန်တ်ာကလည်း ထိုမျှလောက်နဲ့ အားရတတ်သူ မဟုတ်ပေ။ အိုဘားမား သမ္မတဖြစ်သည့်ညက အောင်ပွဲရတဲ့ အထိမ်းအမှတ်နဲ့ တစ်ယောက်တည်း မြန်မာဘီယာတွေ သောက်ပြီး ကျွန်တော့် အထက်အရာရှိ အိမ်ရှေ့မှာ “အိုဘာမား သမ္မတ” ဟု ဆယ့်ခြောက်ခါတိတိ သွားအော်ပါသည်။ နောက်နေ့ မနက်တော့ ကျွန်တော် ရုံးတက် လက်မှတ်ထိုးစရာ မလိုအပ်တော့ပါ။


မိတ်ဆွေ အပေါင်းအသင်းများကော မိသားစုကပါ ကျွန်တော့်ကို တညီတညွတ်တည်း မှတ်ချက်ချ လိုက်ကြပါသည်။ ငတုံး ဟု။


စာကြွင်း ။ ။ ဤမည်သော အက်ဆေးသည် ငတုံးတစ်ကောင်၏ ကိုယ်ရည်သွေးတီးလုံး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘောပင်ခပ်တုံးတုံးနှင့် ရေးထား၍ စာဖတ်သူများအား ထိရှလိမ့်မည်မဟုတ်ပါ။


မိုးလှိုင်ည



စိတ်ကူးမဲ့မနက်ခင်းများ…



Posted in ရေးဖူးသမျှ at 2:51 am by မိုးလှိုင်ည



“စိတ်ကူးယဉ်ခြင်းက အသိဥာဏ်ထက်ပိုအရေးကြီးတယ်” အိုင်စတိုင်းကပြောခဲ့ဖူးသည်။ သူ အိုင်းစတိုင်းနဲ့ သိကျွမ်းခဲဖူးခြင်းမရှိပါ။ အိုင်စတိုင်းရဲ့ ရီလေတီဗီတီကိုလည်း မဖတ်ခဲဖူးပါ…။ အထက်က အိုင်စတိုင်းစကားကို မဂ္ဂဇင်း အဟောင်းတစ်အုပ်ထဲမှာ အမှတ် မထင် ဖတ်ခဲ့ဖူးခြင်းပါ…။ သူက စိတ်ကူးမယဉ်တတ်ပါ အသိဥာဏ်ကြီးနေ၍ တော့မဟုတ်… ဘ၀က စိတ်ကူးယဉ်ဖို့ အချိန် မရ၍သာ….. ။ တစ်ခါတော့ အိုင်းစတိုင်းရဲ့ ရီလေတီဗီတီကို စာအုပ်ဆိုင် တစ်ဆိုင်မှာ မေးကြည့်ဖူးပါတယ်…။ ဆရာဗန်းမော်တင်အောင် ဘာသာပြန်တဲ့ ရီလေတီဗီတီက ကိုးတန်းကျောင်းသူ ညီမလေးရဲ့ ကျူရှင်စရိတ် တစ်လစာဖြစ်ပြီး… တက္ကသိုလ် ကြယ်ပွင့်ရေးတဲ့ ရီလေတီဗီတီက သူတိုမိသားစုရဲ့ ညနေစာ တစ်နပ်ဖြစ်နေပြန်ပါတယ်။ “ထမင်းတနပ်ရှာစားတာချင်း အတူတူမင်းကို ပန်ကာအောက်မှာ စားပွဲနဲ့ကုလားထိုင် နဲ့ ချွေးမထွက်ပဲ အလုပ်လုပ်နိုင်အောင် ပညာသင်ပေးနေတာ” အထက်တန်းကျောင်းသားဘ၀က သူကျောင်းပြေးတုန်းက အဖေသိသွားလို့ ဆုံးမတဲ့ စကားတွေထဲမှာ သူမှတ်မှတ်ထင်ထင်ဖြစ်မိတဲ့စကားပါ…။ နောက်ပိုင်းတော့သူ တတ်စွမ်းသမျှတော့ကြိုးစား ခဲ့ပါတယ်…။ မိဘ၀န်ထမ်းတွေရဲ့မျက်နှာကိုငဲ့ပြီး ဆယ်တန်းမှာအမှတ် မကောင်းတောင် နှစ်ချင်းပေါက်အောင်ဖို့ သူဂရုစိုက်ခဲ့တယ်…။ တက္ကသိုလ်တက်တော့လည်း စရိတ်နည်းနည်းနဲ့ ဘွဲ့မြန်မြန်ရတဲ့အဝေးသင်ပဲ ရွေးချယ်ခဲ့ရတာ…။လူငယ်ဘ၀တွေမှာ ရွေးချယ်စရာတွေအများကြီးရှိတတ်ပေမယ့် ရွေးချယ်နိုင်ခွင့်ကတော့အနည်းငယ်ပါ…။ သူဘွဲ့လက်မှတ်လေးကိုင်ပြီး ယောင်ခြောက်ဆယ် လုပ်နေတုန်း ဦးလေးတွင်ခုံဆရာတစ်ယောက်က မင်းအလုပ်မရှိရင် ငါတို့အလုပ်ရုံလိုက်ခဲ့ကွာဆိုတော့… တစ်နေ့ရှစ်ရာကျပ်နဲ့သံပန်း အလုပ်ရုံတစ်ခုမှာလုပ်ဖြစ်ခဲ့တယ်။ စက်မှုဇုန်ရဲ့ နေပူပူ နားဆူဆူအရပ်မှာ သံပန်းတွေကို သံချေးခေါက်ချရင်း အဖေရဲ့ ထမင်းတစ်နပ်ရှာစားတာခြင်းအတူတူ ဆိုတဲ့စကားက သူ့အတွေးထဲ ထော်လော် ကန့်လန့် ၀င်ချလာပါတယ်…။ ဆရာသစ္စာနီရဲ့တိမ်နဲ့လူ ဆိုတဲ့ဝတ္ထုကို ဖတ်မိတော့ သူငယ်ချင်းအစ်ကိုတစ်ယောက်ရဲ့ လူတွေမှာကိုယ်ပိုင်နံပါတ်တွေပါတယ်ဆိုတဲ့ စကားကိုသူ သွားအမှတ်ရမိပါတယ်….။ ကံကြမ္မာရဲ့ ပြဌန်းချက်တွေနဲ့ လိုက်လျောညီထွေပြုပြင်ရဖန်များ လာတော့ သူ့ကိုယ်ပိုင်ဆန္ဒတွေကို မေ့လျော့လာမိခဲ့တယ် …. လေဆန်ညတွေကို ဖြတ်ပျံလာပြီးတဲ့နောက်မှာ အတောင်တွေကြမ်းခတ်လာခဲ့တယ်။ ငှက်တွေက ပျံရင်းသေတယ်တဲ့ လူတွေကကြံရင်းသေတယ်…သူ့ဘ၀မှာအေးအေးလူလူ စာဖတ်နိုင်မယ့်အချိန်တွေမျော်လင့်ခဲ့ဖူးတယ်… ဒါပေမယ့် သူနေတဲ့အရပ်မှာမှ နေရောင်ခြည်က ပိုမိုစူးလျှလေသလားမသိပါ… နေရိပ်ကိုရဖို့အတွက် နေပူထဲကရပ်စောင့် မနေခဲ့ပါ… ၀မ်းတစ်ထွာအတွက် နှစ်ကာလတွေကိုကြုံသလိုဖြတ်လာခဲ့ရဖူးတယ်.. ယုတ္ထိကျတယ်လို့ အသိုင်းအ၀ိုင်းကယူဆထားတဲ့ ဆင်ခြင်ခြင်းတွေနဲ့လျှောက်ခဲ့ရဖူးတယ်.. သူ့အရပ်က ငါးပေဆယ့်တစ်လက်မရှိပေမယ့်…. တိမ်တွေကမြင့်လွန်းနေပါတယ်…။ ဘ၀ရေပြင်ညီကနေ ခုန်ပျံကျော်လွှားဖို့ သူ့ဆီမှာနည်းပညာမရှိပါ… တစ်ခါတစ်ခါတော့ဘာကိုနာကြည်းရမယ်မှန်းမသိပဲအရာရာကိုနာကြည်းနေမိပြန်ပါတယ်…။ ရိုးသားကြိုးစားရင် တစ်နေ့အောင်မြင်ရမယ်လို့ တက်ကျမ်းစာအုပ်တွေထဲမှာ ဘာလို့ရေးတတ်ကြတာလဲ … တစ်ယောက်စနှစ်ယောက်စ အောင်မြင်ရုံနဲ့တော့ သက်သေပြချက်တွေ ထုတ်ပြတတ်တာဆိုးပါတယ်… သူလည်း တက်ကျမ်းစာအုပ်တွေဖတ်ပြီး တစ်နေ့ကြီးပွားလိမ့်နိုးနဲ့ မျော်လင့်ခဲ့ဖူးပါတယ်… လမ်းဆုံးတော့ချောက်က ဆီးကြိုနေပါတယ်…. တံတာထိုးဖို့သူ့ဆီမှာ အပိုပစ္စည်းကပါမလာဘူး…. တချို့လူတွေက အမြင့်ပျံယာဉ်တစ်ချို့နဲ့ မြင့်လွန်းတဲ့တောင် နက်လွန်းတဲ့ချောက်တွေကို ဖြတ်သန်းသွားတာမြင်ဘူးပါတယ် …. သူတို့လိုမွေးကတည်းက ဘာမှပါမလာတဲ့သူတွေက ချောက်ကမ်းပါးနားမှာ တ၀ဲလည်လည်ပါ။ လူတိုင်းမှာကိုယ်ပိုင်နံပါတ်တွေပါရင်တောင် ကံကြမ္မာကခွဲခြမ်းဖို့ နံပါတ်တွေပေးထားတာပဲဖြစ်မှာ … ကဗျာဆရာပိုင်ပြောသလို ဒီတစ်ညတော့ ဘုရားသခင်က လူချမ်းသာတွေအတွက် နည်းနည်းပိုပေးမိလို့ ညစောင့် အဘိုးအိုမှာ စွပ်ပြုတ်မရရှာတာပါ…သန်းခေါင်ကျော်လာပေမယ့်… မိုးမလင်းတတ်သေးတာ သူ့ဆီမှာညတာတွေပိုရှည်လျားခဲ့လို့ပါ………..။



မိုးလှိုင်ည

Sources

CRAZY PACKS >
OPERATING SYSTEM
APPLICATION PRG LANGUAGE

"Feedburner တွင် Post များကိုဖတ်ရှု့နိုင်ပါသည်"

Don't Make As yours Own.Only You's Charged To This World As Successor

"Read Post at Feedburner"